Myanmar ဘီယာသောက်မိသည့် ရဲဘော်များကို PSLF/TNLA အပြစ်ပေး

Author လင်းနွေဦး
Categories
Published on May 02, 2024

ရှမ်းပြည်(မြောက်ပိုင်း)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)မှ ကန့်သတ်ထားသည့် စစ်ကောင်စီထုတ်ကုန် Myanmar အမှတ်တံဆိပ်ဘီယာကို သောက်သုံးခဲ့သည့် တပ်ဖွဲ့ဝင်များကို ယနေ့ မေလ(၂)ရက်နေ့တွင် အပြစ်ဒဏ်များပေးအပ်ခဲ့ကြောင်း PSLF/TNLA က ထုတ်ပြန်သည်။

စစ်ကောင်စီ ဝင်ငွေလမ်းကြောင်းကို အားပေးအားမြှောက်ပြုသည့် ထုတ်ကုန်ပစ္စည်းများကို ဝယ်ယူအသုံးမပြုရန် ကန့်သတ်ထားသည့်ကြားမှ မွေးနေ့ပွဲတစ်ခုတွင် မြန်မာဘီယာများ ဝယ်ယူသောက်သုံးခဲ့သည့် ရဲဘော်များကို စစ်တပ်ဆိုင်ရာပြစ်ဒဏ်များဖြစ်သော ကြိမ်ဒဏ်(၁၀)ချက်၊ အလုပ်ကြမ်း တစ်လနှင့် လူမှုရေးပြစ်ဒဏ်အဖြစ် အများပိုင်ဆေးရုံ၊ ဘုန်းကြီးကျောင်းများတွင် သန့်ရှင်းရေးလုပ်အားပေးစေခိုင်းခဲ့ကြောင်း PSLF/TNLA ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီအမြစ်ပြတ်ကျဆုံးရန် စစ်ကောင်စီ၏အရေးပါသော စီးပွားရေးမဏ္ဍိုင် ပြိုလဲရန်နှင့် စစ်ကောင်စီ ဝင်ငွေလမ်းကြောင်း ပိတ်ပင်ရန်ရည်ရွယ်၍ PSLF/TNLA မှ စစ်ကောင်စီထုတ်ကုန်များ ရောင်းဝယ်စားသုံးခြင်းမပြုလုပ်ရန် ပိတ်ပင်တားမြစ်ခဲ့ရုံမက ၂၀၂၁ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် တရားဝင်အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် ရောင်းဝယ်သူများကိုတွေ့ရှိပါက အကြိမ်ကြိမ်သတိပေးပြီးမှ ထုတ်ကုန်များကို ရောင်းသူ ဆိုင်ရှင်အများရှေ့မှောက်တွင် ဖျက်ဆီးခဲ့ကြောင်း TNLA ထုတ်ပြန်ချက်အရ သိရသည်။

PSLF/TNLA အုပ်ချုပ်နယ်မြေ မြို့(၇)မြို့နှင့် စစ်ဒေသတွင် စစ်ကောင်စီ ထုတ်ကုန်ပစ္စည်းများ ရောင်းဝယ်စားသုံးနေသော သူများတွေ့ရှိပါက ထုတ်ပြန်ချက်ပါအမိန့်အတိုင်း အရေးယူမှုများဆောင်ရွက်သွားမည်ဟု အသိပေးကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar ဘီယာအပါအဝင် စစ်ကောင်စီထုတ်ကုန်များကို Boycott လုပ်ရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည့်အတွက် ဒီမိုကရေစီလိုလားသူအများစု စစ်တပ်ထုတ်ကုန်များကို တတ်နိုင်သမျှရှောင်ရှားအသုံးပြုကြသည်။

 

ဓာတ်ပုံ – PSLF/TNLA

 

ပုံစာ – စစ်ကောင်စီထုတ်ကုန် မြန်မာဘီယာ သောက်သုံးမိသဖြင့် အရေးယူခံရသည့် ရဲဘော်များ