မတ္တရာ၊ ဟင်္သာကုန်းရွာကို စစ်ကောင်စီစစ်ကြောင်း မီးဝင်ရှို့၍ အိမ်ခြေ ရာနှင့်ချီပျက်စီးဆုံးရှုံး

Published on May 02, 2024

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဟင်္သာကုန်းကျေးရွာကို စစ်ကောင်စီစစ်ကြောင်းက ပြီးခဲ့သည့်ဧပြီလ ၂၇ ရက်နေ့တွင် မီးဝင်ရှို့ခဲ့သည့်အတွက် အိမ်ခြေ ရာနှင့်ချီပျက်စီးဆုံးရှုံးခဲ့ရကြောင်း ယင်းဒေသခံများနှင့် စစ်ရှောင်အရေးကူညီပေးနေသူများထံမှ သိရသည်။

 

ထိုစစ်ကြောင်းသည် လမ်းတစ်လျှောက်ရှိ ရွှေဘိုးကြီးနှင့် ထန်းခြောက်ပင်ကျေးရွာတို့ကို ဝင်ရောက်မွှေနှောက်ပြီးနောက် ဟင်္သာကုန်းရွာကို မီးဝင်ရှို့ခဲ့ခြင်းဖြစ်သည်ဟု မတ္တရာဒေသ စစ်ရှောင်အရေးကူညီနေသူတစ်ဦးက CJ Platform သို့ပြောသည်။

 

အင်အား ၁၂၀ ခန့်ပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းသည် စစ်ကိုင်းမြို့နယ်၊ မင်းဝန်တောင်ရိုးပေါ်မှာမှတစ်ဆင့် မတ္တရာမြို့နယ်အတွင်းရှိ ထန်းခြောက်ပင်၊ ရှင်လှ၊ ဟင်္သာကုန်းကျေးရွာများဘက်သို့ ရောက်ရှိလာခဲ့ပြီးနောက် ဟင်္သာကုန်းရွာကို မီးဝင်ရှို့ခဲ့ရာ အိမ် ၁၁၆ လုံး မီးလောင်ပျက်စီးခဲ့ရခြင်းဖြစ်ကြောင်း မတ္တရာမြို့နယ် သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်တောက်က CJ Platform သို့ပြောသည်။

 

 

ဟင်္သာကုန်းရွာသည် ယခုအကြိမ်အပါအဝင် သုံးကြိမ်မြောက် မီးရှို့ခံရခြင်းဖြစ်သည်ဟု ယင်းရွာဒေသခံ အသက် ၅၀ ခန့်အမျိုးသားတစ်ဦးက CJ Platform သို့ပြောသည်။

 

“မနက် ၁၀ နာရီခွဲလောက် ရွာထဲကို အောက်ကတစ်ကြောင်းတက်တယ်။ အထက်ကတစ်ကြောင်းလာတာ။ သုံးကြောင်းလို့လည်း ပြောတယ်။ အောက်ကြောင်းက မီးရှို့သွားတာ။ မီးရှို့ခံရလို့ ၁၂၅ အိမ်လောက် ပါသွားတယ်။ အိမ်မွေးတိရိစ္ဆာန်တွေကတော့ လန့်တော့ ပြေးတာပေါ့။ နွားတွေ၊ ဝက်တွေက လွတ်တယ်။ ကြက်တွေကတော့ ပါကုန်တယ်။ ကျွန်တော့်အိမ်ကတော့ ပြာပဲကျန်တယ်” ဟု ၎င်းက ပြောသည်။

 

ယခုရှို့မီးကြောင့် ဟင်္သာကုန်းတွင် အိမ် ၅ လုံးခန့်သာကျန်ရှိပြီး ဒေသခံ ၃၀ဝ ဦးကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည့်အပြင် ညစဉ် ငယ်တိုးနှင့် သဖန်းဒေါင့်ကျေးရွာဘက်မှတစ်ဆင့် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ဟင်္သာကုန်းဘက်သို့ ပစ်ခတ်နေသည့်အတွက် ကျေးရွာအနီးသို့ မကပ်ရဲကြောင်း အထက်ပါအမျိုးသားက ပြောသည်။

 

ဧပြီလ ၁၀ ရက်နေ့ မနက် ၈ နာရီခန့်တွင် မတ္တရာမြို့နယ်၊ ရွှေချောင်းကျေးရွာရှိ စစ်ကောင်စီတပ်က လက်နက်ကြီး လေးလုံးဖြင့် ပစ်ခတ်သည့်အတွက် အောက်တောင်ကိုင်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ဦးညွှန့်ခင် (၆၆)နှစ်၊ ဒေါ်ဝင်ဆန်း (၄၉) နှစ်၊ မောင်ရဲမင်းခန့် (၁၄)နှစ်၊ မောင်ဖိုးသင်္ကြန်(၁၃)နှစ်တို့သေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ရုပ်သံ – ရောင်နီနွေဦး