အိမ်စီးကားဖြင့် ထွက်လာသည့် စစ်ကောင်စီတပ် မိုင်းထိပြီး ဗိုလ်တစ်ဦးသေ ရဲတပ်ကြပ်တစ်ဦး ဒဏ်ရာရ

Published on May 01, 2024

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊  ကျောက်တံတားကျေးရွာမှ အိမ်စီးကား Alphard ဖြင့် ထွက်လာသော စစ်ကောင်စီတပ်ကို ဧပြီ ၂၉ ရက်နေ့ နံနက် ၈နာရီတွင် မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဗိုလ်အဆင့်တစ်ဦး သေဆုံးပြီး ရဲတပ်ကြပ်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မတ္တရာမြို့နယ် သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်တောက်မှ CJ Platform သို့ ပြောသည်။

 

“ ကျောက်တံတားမှာ တပ်စွဲထားတဲ့ အခြေအနေဗျ ဗိုလ်လေးတစ်ဦးပါဝင်တယ်၊ ရဲတပ်ကြပ်တစ်ဦးပါဝင်တယ်၊ တပ်သားတွေလည်းပါဝင်တယ်၊ စကစ ဗိုလ်လေးတစ်ဦး သေဆုံးတယ်၊ ရဲတပ်ကြပ်တစ်ဦး က ပြင်းထန်ဒဏ်ရာနဲ့ ဆေးကုသနေရတယ်၊ တပ်သားနှစ်ဦးထိခိုက်တယ် အဲ့ဒါကတော့ အတွင်းသတင်းအနေနဲ့ရရှိခဲ့တာဖြစ်တယ်” ဟု ၎င်းက ပြောသည်။

 

စစ်ကောင်စီတပ်သည် မတ္တရာမြို့နယ်အတွင်းတွင် လုံခြုံရေးချခြင်း၊ စစ်ဆေးရေးများပြုလုပ်ခြင်း အရေးကြီးသည့် နေရာများသို့ တပ်ကူပို့ခြင်းများ လုပ်ဆောင်နေသည်ဟု အထက်ပါတာဝန်ခံမှ ဖြည့်စွက်ပြောသည်။

 

ထို့ပြင် ဧပြီလ ၂၇ ရက်နေ့ကလည်း မတ္တရာမြို့နယ် ဒေသတွင်း တော်လှန်ရေး ပူးပေါင်းတပ်များမှ  မတ္တရာမြို့နယ် တံငါကျေးရွာဘက်မှ စစ်ကောင်စီအင်အား ၂၅ ဦးခန့်ပါ ဖောကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး တပ်ကူထပ်မံလာရောက်သည့် စစ်ကောင်စီတပ်သားများကိုပါ ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ထိခိုက်သူများ ရှိကြောင်း သိရသည်။

 

ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးအဖွဲ့- မတ္တရာ

 

ပုံစာညွှန်း – မတ္တရာမြို့နယ် ပကဖခွဲ(၃)မှ တပ်ဖွဲ့ဝင်များကို မြင်ရပုံ (ပုံအဟောင်း)