နိုင်ငံတစ်ဝန်း မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာအုပ်စု စုစုပေါင်းရဲ့ ၃၆ ရာခိုင်နှုန်းနီးပါးမှာ ရွေးကောက်ပွဲ မကျင်းပနိုင်
စစ်အုပ်စုက ရွေးကောက်ပွဲကို အပိုင်းသုံးပိုင်းခွဲကာ ကျင်းပဖို့ပြင်ဆင်နေပေမဲ့ နိုင်ငံတစ်ဝန်း မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာအုပ်စုပေါင်း ၆၀၆၄ နေရာမှာ ရွေးကောက်ပွဲမကျင်းပနိုင်တော့ပါဘူး။
စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ အပိုင်း (၁)မှာ မြို့နယ်ပေါင်း ၁၀၂ မြို့နယ်၊ အပိုင်း (၂) မြို့နယ်ပေါင်း ၁၀၀ နဲ့ အပိုင်း (၃) အဖြစ် ကျန် ၇၂ မြို့နယ်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
မြို့နယ်ပေါင်း ၃၃၀ရှိတဲ့ မြန်မာနိုင်ငံအတွင်း ကျန် ၅၆ မြို့နယ်မှာတော့ ရွေးကောက်ပွဲကျင်းပနိုင်မှာမဟုတ်ဘူးလို့ စစ်အုပ်စု လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က အခု ဒီဇင်ဘာလဆန်းပိုင်းမှာ ထုတ်ပြန်ထားပါတယ်။ ဒါဟာ မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာအုပ်စုပေါင်း ၆၀၆၄ အထိ ရွေးကောက်ပွဲ မကျင်းနိုင်ဘူးဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။

စစ်အုပ်စုက ရွေးကောက်ပွဲကို သူတို့ထိန်းချုပ်ထားနိုင်တဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ ဧရာဝတီတိုင်းတို့က မြို့နယ်အများစုမှာသာ အဓိကလုပ်ဆောင်သွားမှာဖြစ်ပြီး ကျန်ဒေသတွေက စစ်အုပ်စု စိုးမိုးနယ်မြေ မြို့ပေါ်ပိုင်းရပ်ကွက်အချို့မှာသာ ရွေးကောက်ပွဲကျင်းပသွားမှာဖြစ်ပြီး ကျေးရွာအုပ်စုအများစုမှာတော့ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိပါဘူး။
ဒါဟာ နိုင်ငံတစ်ဝန်း ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၁၇၈၀၉ နေရာရှိတဲ့အထဲက ၃၄ ရာခိုင်နှုန်းကျော်မှာ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ ဒါ့အပြင် စစ်အုပ်စုက သူတို့လက်လွှတ်ဆုံးရှုံးထားရတဲ့ နယ်မြေအများအပြားကိုလည်း ရွေးကောက်ပွဲကျင်းပမယ့် မြို့နယ်စာရင်းထဲမှာ ထည့်သွင်းထားပါသေးတယ်။
အာရက္ခတပ်တော် (AA) သိမ်းယူထိန်းချုပ်ထားတဲ့ ရခိုင်ပြည် အမ်း၊ သံတွဲ၊ ဂွ၊ တောင်ကုတ်နဲ့ အခြား EROs တွေနဲ့ PDF တွေ ထိန်းချုပ်ထားတဲ့ဒေသတွေကိုလည်း ရွေးကောက်ပွဲကျင်းပမယ့်စာရင်းမှာ ထည့်သွင်းထားတာမျိုးတွေ လုပ်ဆောင်ထားသလို မွန်နဲ့ ကရင်ပြည်တို့က မြို့ပေါ်ပိုင်းတွေမှာ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတာတွေလည်း ရှိနေပါတယ်။
လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ ကျောက်ဖြူက မြို့ပေါ်ပိုင်းရပ်ကွက်တွေနဲ့ ကျေးရွာအုပ်စုအချို့မှာ ရွေးကောက်ပွဲကျင်းပဖို့ ကြိုးစားနေသလို စစ်တွေမြို့နဲ့ မာန်အောင်မြို့တို့မှာလည်း ရွေးကောက်ပွဲကျင်းပနိုင်ဖို့ လုပ်ဆောင်နေတာတွေလည်း ရှိနေပါတယ်။
စစ်အုပ်စုက ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာထားပေမယ့် ဒီနေ့ ဒီဇင်ဘာ ၂၅ ရက်နေ့အထိ တော်လှန်ရေးအင်အားစုတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေက သိမ်းပိုက်ထားပြီးသား မြို့ပေါ်ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်းဟာ ၃၃၇ နေရာအထိ ရှိနေပါတယ်။

ဒါဟာ စစ်အုပ်စုက သူတို့ မကျင်းပနိုင်ဘူးလို့ ဝန်ခံကြေညာထားတဲ့ မြို့ပေါ်ရပ်ကွက်၊ ကျေးရွာအုပ်စု စုစုပေါင်း ၆၀၆၄ နေရာနဲ့ပါ ထည့်သွင်းတွက်ချက်ပါက ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ နေရာဟာ မြို့ပေါ်ရပ်ကွက်၊ကျေးရွာအုပ်စုပေါင်း ၆၄၀၁ နေရာထိ ရှိနေပါတယ်။ ရာခိုင်နှုန်းအားဖြင့် မြန်မာနိုင်ငံအတွင်းရှိ မြို့ပေါ်ရပ်ကွက်၊ ကျေးရွာအုပ်စု စုစုပေါင်းရဲ့ ၃၆ ရာခိုင်နှုန်းနီးပါးမှာ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိတာကို တွေ့ရပါတယ်။

စစ်အုပ်စုအပြည့်အဝထိန်းချုပ်ထားတဲ့ နေပြည်တော်၊ ရန်ကုန်နဲ့ ဧရာဝတီတိုင်းတို့မှသာ ရွေးကောက်ပွဲကို အပြည့်အဝနီးပါးကျင်းပဖို့ရှိနေပြီး တိုက်ပွဲပြင်းထန်နေတဲ့ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနဲ့ ကချင်ပြည်တို့မှာတော့ ရွေးကောက်ပွဲကို မြို့ပေါ်ပိုင်း ရပ်ကွက်အချို့မှာသာ ကျင်းပဖို့ရှိနေတာဖြစ်ပါတယ်။
ရွေးကောက်ပွဲအပိုင်း (၁) ကိုတော့ အခု ဒီဇင်ဘာ ၂၈ ရက်မှာ ကျင်းပမှာဖြစ်ပြီး အပိုင်း (၂) ကို လာမယ့်နှစ် ဇန်နဝါရီ ၁၁ မှာ ကျင်းပမှာဖြစ်တယ်လို့ စစ်အုပ်စု ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းက ကချင်ပြည် မြစ်ကြီးနားမြို့ စစ်တပ်အရာရှိ မိသားစုဝင်တွေနဲ့ အခု ဒီဇင်ဘာ ၁၆ ရက်က တွေ့ဆုံချိန် ပြောဆိုခဲ့ပါသေးတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ အပိုင်း ၃ ကိုတော့ ရက်အတိအကျ မပြောထားဘဲ အပိုင်း (၂) ကျင်းပအပြီး နှစ်ပတ်အကြာမှာ ကျင်းပမယ်လို့ ပြောဆိုခဲ့ပါတယ်။
