စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို အားပေးအားမြှောက်လုပ်တဲ့ အဖွဲ့ဝင် ၂၀ ကို NLD ထုတ်ပယ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD ) က စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်မြောက်စေရေးအတွက် ပူးပေါင်းပါဝင်ပြီး ပါတီရဲ့မူဝါဒကိုဖောက်ဖျက်တဲ့ ပါတီဝင် ၂၀ ကို ထုတ်ပယ်လိုက်ကြောင်း ဒီကနေ့ ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်ပါ ထုတ်ပယ်ခံရသူအနေနဲ့ စစ်အုပ်စုကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခြင်း ၊ အားပေးကူညီခြင်းတွေပြုလုပ်ခြင်းတွေဟာ ပါတီရဲ့ ဆုံးဖြတ်ချက် ၊ စည်းမျဉ်းတွေကိုလိုက်နာခြင်းမရှိဘဲ ပြည်သူ့ဆန္ဒကို ဆန့်ကျင်ရာရောက်တာကြောင့် ပါတီဝင်အဖြစ် ထုတ်ပယ်ခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ထုတ်ပယ်ခံရသူတွေထဲမှာ ကရင်ပြည် ၊ မွန်ပြည် ၊ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းတို့မှ မြို့နယ်အသီးသီးရှိ မြို့နယ်နဲ့ ရပ်ကျေးအဆင့် ပါတီတာဝန်ရှိသူတွေနဲ့ ပါတီဝင်တွေ စုစုပေါင်း ၂၀ ဦး တို့ဖြစ်ပါတယ်။
အဲဒီဆုံးဖြတ်ချက်ဟာ ဒီဇင်ဘာ ၂၀ ရက်နေ့က ပြုလုပ်ခဲ့တဲ့ NLD ဗဟိုဌာနချုပ်အစည်းအဝေးဆုံးဖြတ်ချက်တွေအရ အရေးယူဆောင်ရွက်ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်အုပ်စုအနေနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက အသိအမှတ်ပြုထုတ်ပြန်ထားတဲ့ ၂၀၂၀ ခုနှစ်က လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲရလဒ်ကိုငြင်းဆန်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံအကြီးအကဲတွေကို မတရားဖမ်းဆီးပြီး နိုင်ငံတော်အာဏာကို အဓမ္မလုယူခဲ့တာကြောင့် စစ်အုပ်စုလုပ်ဆောင်မယ့်ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်တွေကို အသိအမှတ်မပြုရန် နဲ့ ပူးပေါင်းပါဝင်ခြင်းတွေ အတွက် NLD ကထုတ်ပြန်တားမြစ်ထားပါတယ်။
