ညောင်တုန်းမှာ မြစ်ကမ်းပါးပြိုကျလို့ နေအိမ်အလုံး ၂၀ ရေထဲမျောပါသွား ထပ်မံပြိုကျနိုင်ဖွယ်ရှိနေသေးတာကြောင့် အိမ် ၄၀နီးပါး နေရာပြောင်းရွေ့ရ

Author CJ Platform
Categories
Published on May 25, 2025

ဧရာဝတီတိုင်း မအူပင်ခရိုင် ညောင်တုန်းမြို့ အမှတ် ၄ ရပ်ကွက်ရှိ တိုးချဲ့နယ်မြေမှာ ဒီကနေ့ မေလ ၂၅ ရက် မနက် ၁ နာရီခွဲခန့် အချိန်မှာ မြစ်ကမ်းပါးပြိုကျတာကြောင့် လူနေအိမ် အလုံး ၂၀ ခန့် ရေထဲမြောပါသွားခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

ပန်းလှိုင်မြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါး တဆက်တစပ်တည်းရှိနေတဲ့ အမှတ် ၄ ရပ်ကွက် တိုးချဲ့နယ်မြေနဲ့ ရန်ကင်းစံရာ အနောက်ကျွန်းကျေးရွာတို့က မြစ်ကမ်းပါးတွေပြိုကျခဲ့တာဖြစ်ပြီး အလျား ပေ ၄၅၀ ခန့် အနံပေ ၅၀ ခန့်အထိ ကြီးမားစွာ ပြိုကျခဲ့တာ ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။

 

“ လက်ရှိကတော့ အိမ် ၃၀ ကျော်လောက် ပြောင်းရွှေ့ဖို့တွေ လုပ်နေရတယ်။ အခြေအနေကတော့ နည်းနည်းဆိုးတယ်။ အခု လူကြီးလမ်းကြောင်းရှိလို့ ဆိုပြီး ရဲတွေရော စစ်သားတွေရော တာဝန်ရှိသူတွေရော ရောက်နေကြတယ် “ လို့ ညောင်တုန်းမြို့ခံ အမျိုးသားတစ်ဦးက CJ Platform ကိုပြောပါတယ်။

ဒေသအာဏာပိုင်တွေအနေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းအချို့ ဆောင်ရွက်နေတာရှိပြီး လက်ရှိအချိန်အထိ သေဆုံးဒဏ်ရာ ရရှိတာတွေတော့ မရှိသေးဘူးလို့ သိရပါတယ်။

 

ယခုပြိုကျခဲ့တဲ့ မြစ်ကမ်းဟာ ယခင်နှစ် ၃၀ ကျော်က ပန်းလှိုင်မြစ်ကြောင်းအဟောင်းဖြစ်ခဲ့ပြီး ရန်ကင်းစံရာကျွန်း ကျေးရွာက မြစ်ကမ်းပါးပြိုကျပြီး မြို့နဲ့ တစ်ဆက်တည်းသောင်ပြန်ထွန်းလာခဲ့ကာ အမှတ် ၄ ရပ်ကွက်ရှိ တိုးချဲ့နယ်မြေအဖြစ် ပြန်ဖြစ်လာတာလို့ မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ်စုစုပေါင်း ၅၈ လုံးက လူဦးရေ ၂၆၆ ဦးလတ်တလော အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ သိရှိရပြီး အိုးအိမ်မဲ့သွားသူတွေအနေနဲ့ ဘေးလွတ်ရာ ဆွေမျိုးတွေနဲ့ အနီးရှိကျေးရွာက နေအိမ်တွေကို ပြောင်းရွှေ့နေထိုင်ကြရတယ်လို့ စုံစမ်းသိရှိရပါတယ်။

 

“ ညဘက်ကြီး အိပ်ချိန်ကြီးကို ပြိုကျတာ ဝုန်းဝုန်းဆိုပြီး။ ဘေးကင်းရာ ထပြေးကြရတာပဲ ဘာမှ မယူလိုက်နိုင်ခဲ့ဘူး။ နောက်ထပ်လည်းထပ်ဖြစ်နိုင်တယ်။ မြေသားတွေကမကောင်းဘူး၊ သဲမြေတွေကြီးပဲ ရေကလည်းထိုးနေတာ ဒါတောင် ရေတက်ချိန်နဲ့ မိုးတွင်းမဟုတ်သေးလို့ အခြေအနေတော့မကောင်းဘူး “ လို့ မြစ်ကမ်းပါးပြိုကျဒဏ်ခံစားလိုက်ရတဲ့ မြို့ခံတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

အမှတ် ၄ ရပ်ကွက် တိုးချဲ့နယ်မြေရှိ ကမ်းပါးပြိုဒဏ်ခံစားခဲ့ရတဲ့ အိမ်ထောင်စုတွေထဲ အချို့မှာ မြို့နယ်ကနေ ချပေးထားတဲ့ ရန်ကင်းစံရာအနောက်ကျွန်း ပလပ်မြေမှာ ပေ၂၀/ပေ၃၀ ခန့်ရှိမြေကွက်နေရာတွေ ရရှိထားပြီးဖြစ်တယ် လို့လည်း သိရပါတယ်။

 

“မြေကွက်ချထားပေးပြီးသားရှိတယ်၊ သွားမဆောက်ဘဲ ဆက်နေနေကြတာ၊ အဲဒီမှာ သွားဆောက်နေကြဖို့ အုပ်ကြီးတွေ က စီမံထားတယ်။ လက်ရှိကတော့ စားဝတ်နေရေး၊ အိမ်ပြန်ဆောက်ရေး အခက်အခဲတွေ ရှိတာပေါ့” လို့ ညောင်တုန်းမြို့နယ် အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်တစ်ဦးက CJ Platform ကိုပြောပါတယ်။

 

ဒါ့အပြင် လက်ရှိ မြစ်ကမ်းပါးပြိုကျမှုကြောင့် အိုးအိမ်မဲ့သွားသူတွေကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ယခင်နေရာချထားပေးတဲ့ မြေနေရာမှာ နေရာချထားပေးနိုင်ဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကတဆင့် လိုအပ်ချက်  ရှိ/မရှိ စိစစ်ဆောင်ရွက်ဖို့ ညွှန်ကြားထားတာမျိုးရှိတယ်လို့ သိရပါတယ်။

 

ပန်းလှိုင်မြစ်ရေဟာ ဆက်လက်တိုက်စားမှု ရှိနေတာကြောင့် ထပ်မံပြီး မြစ်ကမ်းပါး ပြိုကျနိုင်လို့ အန္တရာယ်ရှိတဲ့ နေအိမ်တွေကို မြို့နယ်အာဏာပိုင်တွေက ဖျက်ဖို့ညွှန်ကြားထားပြီး လက်ရှိ နေအိမ် ၃၈ လုံးဖြိုဖျက်ကာ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေကြတယ်လို့ သိရပါတယ်။

 

မြစ်ကမ်းပြိုကျခဲ့တဲ့ ဒီကနေ့မနက်မှာပဲ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးနေမျိုးအောင် လာရောက်ကြည့်ရှုခဲ့ပြီး ကမ်းပြိုဘေးသင့်ခဲ့တဲ့ နေအိမ်တွေနဲ့ ကြိုတင်ပြောင်းရွှေ့ရတဲ့နေအိမ် တွေက မိသားစုတွေကို အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေနှင့် ဆန်ရိက္ခာအတွက် ငွေ သိန်း ၈၀ နီးပါးပေးအပ်ခဲ့သလို ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါပုံးတွေနဲ့ ဆပ်ပြာတုံးတွေ ပေးအပ်ခဲ့တယ်လို့သိရပါတယ်။

 

ဒါ့အပြင် ထပ်မံပြိုကျနိုင်ချေရှိသေးတာကြောင့် ဘေးအန္တရာယ်မကျရောက်စေရေး၊ ညအချိန်ကမ်းပြိုလို့ အန္တရာယ်မဖြစ်စေဖို့ အသိပညာပေးရေး၊ ညကင်းစောင့်စေရေး၊ စတာတွေကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေကို ညွှန်ကြားသွားခဲ့တယ်လို့ သိရပါတယ်။

 

ပန်းလှိုင်မြစ်ဘေးမှာရှိတဲ့ ညောင်တုန်းမြို့ဟာ နှစ်စဉ် မြစ်ကမ်းပါးပြိုကျမှုဒဏ်ကို ခံစားနေရတဲ့ မြို့တစ်မြို့ဖြစ်ပြီး မြစ်ကမ်းပါးပြိုကျမှုဒဏ်မဖြစ်ပေါ်စေဖို့ တာထိန်းနံရံတွေကို ၈ လမ်းကနေ လမ်း ၃၀ အထိ အခိုင်အမာ တည်ဆောက် ထားကာ အမြင့်ပေ ၃၀ ကျော်ရှိပါတယ်။

 

ပြီးခဲ့တဲ့နှစ် ဇူလိုင်လ ၁၆ရက်နေ့ က တာဘောင်ပေါ်ရှိ ကွန်ကရိ မြေထိန်းနံတွေအကြားကနေ ရေစိမ့်ဝင်တာကြောင့် တာတွင်းရေဝင်ရောက်မှုတွေ ရှိခဲ့သလို ဇူလှိုင်လ ၂၆ ရက်နေ့မှာလည်း အမှတ် (၁) ရပ်ကွက် ၄၁ လမ်းကန္နားမှာ မြစ်ကမ်းပါးပြိုကျခဲ့တဲ့ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။

 

ဓာတ်ပုံ – ပေးပို့

 

Related News

Depend on news