နှင်းဆီလက်ဆောင် Gift ပေးတဲ့ Page Admin နဲ့ ဦးမြအေး နီးကပ်တဲ့ဆက်ဆံရေး မရှိလို့ဆို

Author CJ Platform
Categories
Published on Apr 25, 2025

တော်လှန်ရေးအစိတ်အပိုင်းတခုမှာ ပါဝင်ခဲ့တဲ့ နှင်းဆီလက်ဆောင် Gift ပေးတဲ့ Page Admin ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဝေဖန်မှုတွေမြင့်တက်လာချိန်မှာ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးမြအေး နဲ့တွဲရိုက်ထားတဲ့ ဓာတ်ပုံနဲ့ ရုပ်သံတွေ ထွက်ပေါ်လာတာနဲ့ ပတ်သတ်ပြီး ဒီနေ့မှာ ဦးမြအေးက နီးကပ်တဲ့ ဆက်ဆံရေး မရှိဘူးလို့ လူမှုကွန်ရက်ကနေ ရေးသားလာပါတယ်။

 

နှင်းဆီလက်ဆောင် Gift ပေးတဲ့ Page Admin အောင်ဟိန်းထွဋ်ဟာ စစ်ကောင်စီမှာ ခံဝန်လက်မှတ်ထိုးပြီး ဘားသွား ၊ ကလပ်တက် မပျက် Normal Life မှာ ပြန်နေ နေပြီလို့ လူမှုကွန်ရက်မှာ ဝေဖန်နေကြတာဖြစ်ပြီး ဦးမြအေးနဲ့ တွဲရိုက်ထားတဲ့ရုပ်သံ ဓာတ်ပုံတွေကို လူမှုကွန်ရက်ပေါ် တက်လာတာကြောင့် ရှင်းလင်းရခြင်းဖြစ်တယ်လို့ သိရပါတယ်။

 

“အလွန်အားကိုးရတဲ့ ညီမငယ်တစ်ယောက်ရဲ့ ဟိုးလွန်ခဲ့တဲ့ တနှစ်လောက်က မွေးနေ့မှာ ဒီလူငယ်ရောက်လာပြီး ဓါတ်ပုံရိုက် ၊Videoတွဲရိုက်ပြီး အခုလိုင်းပေါ် ဘယ်သူတင်မှန်းမသိ တက်လာတော့ ရှင်းရတော့တာပေါ့ “ လို့ ဦးမြအေးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားလာခဲ့တာ ဖြစ်ပါတယ်။

 

ဒါ့အပြင် ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘယ်သူ့ကိုမှအပြစ်မတင်ဘူးလို့ပြောဆိုခဲ့ပြီး အောင်ဟိန်းထွဋ်အနေနဲ့ မက်ဆင်ဂျာကနေတောင်းပန်လာတယ် လို့လည်းဆိုပါတယ်။

 

အဲဒီရုပ်သံဓာတ်ပုံတွေနဲ့ ပတ်သတ်ပြီး အောင်ဟိန်းထွဋ်အနေနဲ့ လူမှုကွန်ရက်မှာ တင်ခဲ့တာမဟုတ်ပဲ သူ့ဆီမှာ အဲဒီရုပ်သံဖိုင်မရှိတော့ပဲ တိုက်ခိုက်နေသူတွေအနေနဲ့ Video ရုပ်သံကို သိမ်းဆည်းပြီးတင်ခဲ့တာ ဖြစ်တယ်လို့ နှင်းဆီလက်ဆောင် Gift ပေးတဲ့ Page Admin က ပြောကြားထားတာပါ။

 

ဦးမြအေးအနေနဲ့ တောင်းပန်ရုံနဲ့ ပြီးသွားမယ့်ကိစ္စမဟုတ်ပဲ အများငွေကြေးကိစ္စ ဖြစ်နေတာကြောင့် တာဝန်ယူမှု တာဝန်ခံမှု ရှိရမယ် အလွဲသုံးစားမလုပ်သင့်ဘူးလို့ မက်ဆင်ဂျာကနေ ပြန်လည်ပြောဆိုခဲ့ပါတယ်။

 

“ ကျွန်တော်မစားဘူး ဦးမြရေ။ ကျွန်တော် အချိုးမပြေလို့ အိမ်ပေါ်က နှင်ချလိုက်တာ။ အဲဒါကိုမကျေနပ်တာနဲ့ မဆိုင်တာကို တိုက်တာ “ လို့ အောင်ဟိန်းထွဋ်က ဖြေရှင်းခဲ့ပါတယ်။

 

အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဦးမြအေးက အချက်အလက်နဲ့ တိတိကျကျ ရှင်းပြပေးဖို့ တိုက်တွန်းခဲ့တာကိုလည်း တွေ့ရပါတယ်။

 

အာဏာသိမ်းပြီးနောက်ပိုင်း အောင်ဟိန်းထွဋ်ဟာ မန္တလေးသပိတ်အဖွဲ့တွေထဲပါဝင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးထဲမှာလည်း မနှင်းဆီနာမည်နဲ့ နှင်းဆီလက်ဆောင် Gift ပေးတဲ့ Page Admin ဖြစ်တယ်လို့ လူမှုကွန်ရက်မှာ ကျယ်ကျယ်ပြန့်ပြန်ရေးသားထားကြပြီး ပြည်သူတွေအနေနဲ့ နှင်းဆီလက်ဆောင် Gift မပေးကြဖို့ကိုလည်း တားမြစ်သတိပေးနေကြပါတယ်။

 

တော်လှန်ရေးတပ်ဖွဲ့တွေ ထောက်ပံ့နိုင်ဖို့ နှင်းဆီလက်ဆောင် Gift ဟာ ပန်းတစ်ပွင့်ကို တစ်ထောင်ကျပ် ချစ်ခင်သူတွေ တော်လှန်ရေးနဲ့ ပတ်သတ်သူတွေကို ပေးပို့နေကြတာဖြစ်ပြီး ဧပြီလ ၂၂ ရက်အထိပဲ Page ကအသက်ဝင်ခဲ့ပြီး လက်ရှိမှာ ရပ်တန့်နေပါတယ်။