ငလျင်ကြောင့် ပျက်စီးခဲ့ရတဲ့ နေပြည်တော်က လမ်းတွေကို စတင်ပြုပြင် ပြည်သူ အသုံးပြုမှုများတဲ့ ရန်ကုန်-မန္တလေး-နေပြည်တော်လမ်းကို ပြုပြင်နိုင်မှု မရှိသေး

Author CJ Platform
Categories
Published on Apr 24, 2025

နေပြည်တော်ရှိ ငလျင်ကြောင့် ပျက်စီးခဲ့ရတဲ့ အဓိက လမ်းမကြီးတွေကို စတင်ပြုပြင်နေပြီး ပြည်သူ အသုံးပြုမှုများတဲ့ ရန်ကုန်-မန္တလေး-နေပြည်တော်လမ်းကိုတော့ ပြုပြင်မှုမရှိသေးဘူးလို့ ငလျင်ဘေး ကူညီထောက်ပံ့မှု လုပ်နေတဲ့ အဖွဲ့အစည်းတွေဆီက သိရပါတယ်။

 

ငလျင်ကြောင့် ပျက်စီးခဲ့ရတဲ့ နေပြည်တော်ရှိ တော်ဝင်ရတနာလမ်း၊ ရာဇဌာနီလမ်း၊ ရာဇသင်္ဂဟလမ်း၊ ပျဉ်းမနား-တောင်ညိုလမ်းတွေကို အကြီးစား ပြင်ဆင်မှုတွေ လုပ်ဆောင်နေပြီး စစ်ကောင်စီလက်အောက်ခံ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးအပြင် ပြင်ပကုမ္ပဏီတွေဖြစ်တဲ့ Moon Ray Co.,Ltd ၊ Ayar Apex Co.,Ltd၊ မန်းပြည်တံခွန်ကုမ္ပဏီ၊ Asia World Co.,Ltd တို့က ပြင်ဆင်မှုတွေ လုပ်ဆောင်နေတာဖြစ်တယလ်လို့ စစ်ကောင်စီရဲ့ နေပြည်တော်စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

“နေပြည်တော်ကိုပဲ သူတို့ ဦးစားပေးနေတာ၊ အဖိုးနည်းသက်သာ စျေးရောင်းပေးတာကအစ နေပြည်တော်ပဲ သူတို့ရောင်းပေးနေတာ၊ စစ်ကိုင်း၊ မန္တလေးက ငလျင်ခံ ပြည်သူတွေကိုကျ နိုင်ငံတကာအလှူတွေကိုတောင် ခွဲမပေးဘူး၊ အကုန် ကိုယ်ထူကိုယ်ထ ရှင်းလင်းလုပ်နေကြရတယ်”လို့ မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

ရန်ကုန်-မန္တလေး-နေပြည်တော် အမြန်လမ်းတလျှောက် လမ်းပိုင်းပျက်စီးမှုဟာ နေရာ ၃၀၀ ထက်မနည်း ရှိနေပေမဲ့ စစ်ကောင်စီက ဒီကနေ့ အချိန်ထိ ပြင်ဆင်မှုတွေ မလုပ်သေးဘူးလို့ သိရပါတယ်။

 

“တံတားတွေပဲ ပြိုမကျအောင် လုပ်ထားတာ၊ ကျန်တာတွေ အခုထိ မပြင်သေးဘူး၊ မိုးကလည်း ရွာရွာနေတော့ သွားလာရတာ အန္တရာယ်ရှိတယ်”လို့ ရန်ကုန်မြို့ကနေ မန္တလေးမြို့ကို ငလျင်ဘေးကူဖို့ သွားရောက်ခဲ့သူ တစ်ဦးက ပြောပါတယ်။

 

နှစ်ပေါင်း ၁၈၆နှစ်အတွင်း အဆိုးဝါးဆုံးဖြစ်တဲ့ မတ်လ ၂၈ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပြည်သူ ၃၇၀၀ ကျော် သေဆုံးခဲ့ရပြီး ငလျင်အဓိက ကြုံတွေ့ခဲ့ရတဲ့ စစ်ကိုင်းနဲ့ မန္တလေးဒေသတွေမှာ ပြည်သူတွေဟာ နေအိမ်တွေကို ရှင်းလင်းဖို့ ကိုယ်ထူကိုယ်ထ လုပ်ဆောင်နေရပြီး အလှူရှင်တွေ နည်းပါးလာတာကြောင့် စားသောက်ရေးပါ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – pro-SAC

 

ပုံစာ – နေပြည်တော်တွင်း လမ်းပိုင်းများ ပြင်ဆင်နေပုံ