စက်မှုဇုန်အလိုက် စက်ရုံအလုပ်ရုံတွေကို စစ်မှုထမ်းအသိပညာပေးပြီး လူစာရင်းတွေကောက်သွားလို့ အလုပ်သမားတွေ စိုးရိမ်နေ

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်နယ်အတွင်းက စက်မှုဇုန်တွေရှိ စက်ရုံ အလုပ်ရုံတွေကနေ ကိုယ်စားလှယ် တစ်ဦးစီ ဒီကနေ့ မနက် ၁၀ နာရီအချိန်မှာ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့က စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေ အသိပညာပေးရှင်းလင်းပွဲကို တက်ရောက်ဖို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က အကြောင်းကြားစာ ပို့ဆောင်လာတယ်လို့ စက်ရုံဝန်ထမ်းတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ရန်ကုန် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် စုပေါင်းရုံးဝန်းမှာရှိတဲ့ မြို့နယ်ခန်းမမှာ ဥပဒေအသိပညာပေးရှင်းလင်းပွဲ ပြုလုပ်သွားမှာဖြစ်ပြီး ကိုယ်စားလှယ်တစ်ဦး မပျက်မကွက် တက်ရောက်ဖို့ ကြီးကြပ်စေလွှတ်ရမယ်လို့ စက်ရုံတွေကိုအကြောင်းကြားစာပေးပို့ ခဲ့တာပဲဖြစ်ပါတယ်။
“ ဒါတွေကို ရပ်ကွက်တွေမှ ာလုပ်သလို အခုတော့ စက်ရုံတွေပါ လုပ်လာတာဆိုတော့ စိုးရိမ်စရာပါ။ စက်ရုံတွေမှာက စစ်မှုထမ်းအရွယ်တွေ အများဆုံးရှိတာ။ တချို့ဆို ကိုယ်မြို့ရွာမှာ စစ်မှုထမ်းရှောင်လာရင်း အလုပ်လာလုပ်နေကြသူတွေလည်းရှိတော့ ထိတ်လန့်နေကြတယ် “ လို့ လှိုင်သာယာရှိ စက်ရုံဝန်ထမ်းတစ်ဦးက CJ Platform ကိုပြောပါတယ်။
ရပ်ကွက်တွေမှာ စစ်ကောင်စီက အခုလို အစည်းဝေးတွေပြုလုပ်ပြီးနောက် အိမ်ထောင်စုစာရင်းတွေ ထပ်မံကောက်ခံကာ စစ်မှုထမ်းအတွက် ရွေးချယ်ပြုလုပ်တာတွေ ရှိပြီး အခုအခါ စက်ရုံ အလုပ်ရုံတွေကိုပါ ပြုလုပ်လာနေတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
လူငယ်လူရွယ်တွေအနေနဲ့ ရပ်ကွက်တွေ မြို့နယ်တွေမှာ စစ်မှုထမ်းကြေးပေးဆောင်ကာ နေထိုင်နေကြရသလို အခုစက်ရုံ အလုပ်ရုံတွေမှာ အလုပ်လုပ်ကိုင်နေကြသူတွေအနေနဲ့လည်း စစ်မှုထမ်းကြေးထပ်ပြီး ပေးဆောင်ရတော့မလို ဖြစ်နေပြီး ဖမ်းဆီးခေါ်ဆောင်ခံရတာတွေ ရှိလာမှာကို အလုပ်သမားအများစုက စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
အမျိုးသမီး/အမျိုးသား အလုပ်သမားတွေရဲ့ ကိုယ်ရေးအချက်အလက်အစုံကို အလုပ်သမားညွှန်ကြားရေးဦးစီးဌာန(အလည) ကနေ တဆင့် ပြီးခဲ့တဲ့နှစ် ဩဂုတ်လကုန် နောက်ဆုံးထားပြီး တောင်းယူခိုင်းတာမျိုးရှိခဲ့တယ်လို့ လှိုင်သာယာ အထည်ချုပ်စက်ရုံတစ်ရုံမှ တာဝန်ရှိသူတစ်ဦးကလည်း CJ Platform သို့ ပြောပါတယ်။
ရန်ကုန်က အထည်ချုပ်စက်ရုံတွေမှာတော့ စစ်မှုထမ်းဖို့ စစ်သင်တန်းတွေဖွင့်ပြီးနောက်ပိုင်းကတည်းက လူငယ်လူရွယ်တွေဟာ စစ်မှုထမ်းဖို့ စစ်သားစုဆောင်းခံရမှာကို စိုးရိမ်တာကြောင့် မိဘတွေက ပြန်မလွှတ်တာတွေ၊ ရှောင်ရှားနိုင်ဖို့ ပြည်ပထွက် အလုပ်လုပ်သူတွေနဲ့ ပြင်ဆင်နေသူတွေ အများအပြားရှိလာနေလို့ အလုပ်သမားရှားပါးမှုတွေ ဖြစ်ပေါ်လာနေတယ်လို့ စက်မှုဇုန်လုပ်ငန်းရှင်တွေ ဆီကနေ သိရပါတယ်။
စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁၀ ရက်က အတည်ပြုလိုက်ပြီးနောက်ပိုင်း ချက်ချင်းဆိုသလို စစ်သားစုဆောင်းရေးတွေ နိုင်ငံတဝှမ်းလုပ်ဆောင်ခဲ့ပြီး အခု အပတ်စဉ် ၁၂ ကို ဧပြီလ ၂၂ ရက်နေ့မှာဖွင့်လှစ်ခဲ့တဲ့အပြင် အပတ်စဉ် ၁၃ အတွက် စစ်ကောင်စီလက်အောက်ခံတွေက စစ်သားစုဆောင်းမှုတွေ လုပ်ဆောင်နေကြပါပြီ။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့ဝင်တွေရဲ့ စစ်သားခေါ်ယူစုဆောင်းမှုတွေမှာ လာဘ်စားမှု၊ ငွေညှစ်မှု၊ ခြိမ်းခြောက်မှု၊ အဓမ္မမှုတွေနဲ့အတူ ပြည်သူလူထုဟာ ဖိနှိပ်ခံနေရပါတယ်။
ဓာတ်ပုံ – ပေးပို့