လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို ပြန်လည်မရောင်းချဖို့ WFP အနေနဲ့ စောင့်ကြည့် နေတယ်လို့ဆို

Author CJ Platform
Categories
Published on Apr 25, 2025

အင်အားပြင်း ငလျင်ဒဏ်ကြောင့် UN World Food Programme (WFP) ကထောက်ပံ့ပေးထားတဲ့ လူသားချင်းစာနာ‌ထောက်ထားမှုအကူအညီတွေကို ပြန်လည်ရောင်းချဖို့ မသင့်သလို ရောင်းချတာတွေရှိရင်လည်း အရေးယူသွားမယ်လို့ ဧပြီ ၂၄ ရက် မနေ့က United Nations Myanmar ထုတ်ပြန်ထားပါတယ်။

 

နေပြည်တော်မှာ WFP ထောက်ပံ့ပေးထားတဲ့ အဟာရဖြည့်ဘီစကွတ်ကို ရောင်းချနေတယ်ဆိုတာနဲ့ ပတ်သတ်ပြီး လေ့လာစောင့်ကြည့်နေသလို၊ ရောင်းချတာတွေ့ရင်လည်း ချက်ချင်းအရေးယူ‌ ဆောင်ရွက်သွားမှာဖြစ်ပြီး WFP ရဲ့အထောက်အပံ့တွေက အမြဲတမ်း အခမဲ့ဖြစ်တယ်လို့ ဆိုပါတယ်။

 

နေပြည်တော်မှာ အာဟာရဖြည့်ဘီစကွတ်တွေကို ဧပြီလ ၁ ရက်နေ့က နောက်ဆုံးဖြန့်ဝေခဲ့တာဖြစ်ပြီး ဆိုရှယ်မီဒီယာပေါ်ရေးသားနေတာတွေနဲ့ ပတ်သတ်ပြီးလည်း WFP အနေနဲ့ သိရှိပြီးဖြစ်သလို အဲဒီရေးသားချက်တွေမှာ အထောက်အထား တစ်စုံတစ်ရာမတွေ့ရှိဘူးလို့ UN Myanmar ရဲ့ ထုတ်ပြန်ချက်ထဲပါရှိပါတယ်။

 

WFP ကထောက်ပံ့ပေးတဲ့ ဘီစကွတ်တွေဟာ ရိုးရိုးဘီစကွတ်တွေ မဟုတ်ပဲ လတ်တလောဖြစ်ခဲ့တဲ့ ငလျင်ဘေးလို အရေးပေါ်အခြေအနေမျိုးမှာ ချက်ချင်းစားသုံးနိုင်ဖို့ထုတ်လုပ်ထားတဲ့ အထူးအာဟာရဖြည့်အစားအစာတစ်မျိုး ဖြစ်တယ်လို့ ရှင်းပြထားပါတယ်။

 

ဒီဘီစကွတ်တွေဟာ အရေးပေါ်အခြေအနေဖြစ်လာတဲ့အခါ ပုံမှန်အစားအသောက်တွေကို ချက်ပြုတ်ဖို့နဲ့ ဝယ်ယူစားသုံးဖို့မဖြစ်နိုင်တော့တဲ့အချိန်မျိုးမှာ အရေးပေါ်ချက်ချင်းစားသုံးနိုင်ဖို့ ရည်ရွယ်ထုတ်လုပ်ထားတဲ့ အရေးကြီးတဲ့လူသားချင်းစာနာမှုအကူအညီတစ်မျိုးဖြစ်တယ်လို့ သိရပါတယ်။

 

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) အနေနဲ့ ငလျင်လှုပ်ခတ်ပြီး ၄၈ နာရီအတွင်းမှာ ငလျင်ဘေးသင့်ပြည်သူတွေအတွက် အာဟာရဖြည့်ဘီစကွတ်တွေ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ပုံမှန်ထမင်းဟင်းစားသောက်နိုင်ပြီဆိုရင် ပိုလျှံနေတဲ့ဘီစကွတ်တွေကို မိမိထက်ပိုလိုအပ်နေသူတွေ ဆီကို မျှဝေပေးဖို့ ကိုလည်းတိုက်တွန်းထားပါတယ်။

 

WFP ကဖြန့်ဝေပေးတဲ့ ဘီစကွတ်တွေဟာ စွမ်းအင်၊ ပရိုတင်း၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့ အာဟာရပြည့်စားစရာတစ်ခု ဖြစ်ပြီး ပါဝင်ပစ္စည်းတွေအနေနဲ့ ဂျုံမှုန့်၊ ပဲပိစပ်မှုန့်၊ သကြား၊ အဆီထုတ်ထားတဲ့ နို့မှုန့်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေဖြစ်တဲ့- ကယ်လဆီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ အိုင်အိုဒင်း၊ ဖောလစ်အက်ဆစ်၊ ဗီတာမင် B1၊ B2၊ B6၊ B12 နဲ့ အခြားဓာတ်တွေများစွာ ပါဝင်တယ်လို့ဆိုပါတယ်။

 

ဘီစကွတ်တွေကို ၆ လ အောက် ကလေးငယ်တွေကို ကျွေးလို့မရဘူးလို့ သတိပေးထားပြီး အသက် ၆ လအထက် ကလေးတွေအနေနဲ့ မိခင်နို့ဝအောင် တိုက်ကျွေးပြီးမှသာ ဘီစကွတ်ကို ကျွေးနိုင်မှာဖြစ်ပါတယ်လို့လည်း အသိပေးထားပါတယ်။

 

အရွယ်ရောက်ပြီးသူတွေအနေနဲ့ကတော့ ဗိုက်ဆာတဲ့အခြေအနေပေါ်မူတည်ပြီး တစ်နေ့ကို ဘီစကွတ် ငါးထုပ်ခန့်အထိ စားသုံးနိုင်တယ်လို့ သိရပါတယ်။