တမူးမြို့မှာ စစ်ကောင်စီက စစ်ဘေးရှောင်တွေရဲ့ နေအိမ်တွေကို ဖြိုဖျက်ပြီး ဘန်ကာတွေ တည်ဆောက်ပြီး စစ်ရေးပြင်ဆင်နေ

Author CJ Platform
Categories
Published on Apr 24, 2025

စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ စစ်ကောင်စီပူးပေါင်းတပ်တွေက အခုရက်ပိုင်းတွင်း လူမနေတဲ့ စစ်ဘေးရှောင်တွေရဲ့ နေအိမ်တွေကို ဖြိုဖျက်ပြီး ဘန်ကာတွေ တည်ဆောက်ကာ စစ်ရေးပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းအရင်းမြစ်တွေဆီက သိရပါတယ်။

 

တမူးမြို့ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက မြို့သိမ်းတိုက်ပွဲဆင်နွှဲတော့မယ်လို့ ပြည်သူတွေကို ဧပြီလ ၂၀ ရက်နေ့ကစပြီး အသိပေးပြောဆိုပြီးခဲ့နောက် စစ်ကောင်စီတပ်တွေက အခုလို စစ်ရေးပြင်ဆင်နေကြတာ ဖြစ်ပါတယ်။

 

“PDF တွေက မြို့သိမ်းတိုက်ပွဲ ပြင်ဆင်နေတယ်လို့ အသိပေးတယ်။ အဲကတည်းက စကစပူးပေါင်းအဖွဲ့တွေက ချင်းတွေနေတဲ့ ချောင်းနက်ကြီးရပ်ကွက်ဘက်က လူမရှိတဲ့ စစ်ဘေးရှောင်တွေရဲ့ အိမ်တွေဖြိုဖျက်ပြီး သစ်တွေ၊ ပျဥ်တွေ၊ သွပ်တွေခွာတယ်။ ပြီးရင် သူတို့ ဘန်ကာတွေ၊ ကတုံးကျင်းတွေမှာ အသုံးပြုကြတယ်။ အခုရက်ပိုင်း မြို့ထဲမှာ စကစတွေ ခြေရှပ်နေတယ်။”လို့ တမူးမြို့ စစ်ရေးသတင်းရင်းမြစ်က CJ Platform ကို ပြောပါတယ်။

 

လက်ရှိမှာ စစ်ကောင်စီက ၎င်းတို့စခန်းတွေ၊ နေရာတွေမှာ လက်နက်ကြီးတွေ ပြင်ဆင် တပ်ဆင်ထားသလို မြို့အဝင်အထွက်ကိုလည်း စစ်ကောင်စီရဲ့ လက်အောက်ခံ ပျူစောထီး၊ နဂ၊ ကသည်း၊ ရှမ်းနီတပ်ဖွဲ့တွေက တင်းကြပ်ထားတယ်လို့ သူက ဆိုပါတယ်။

 

တမူးမြို့မြို့သိမ်းတိုက်ပွဲဆင်နွှဲဖို့ ပြင်ဆင်နေတာကြောင့် စစ်ကောင်စီဆီ ရိက္ခာတွေ မရောက်နိုင်ရေးအတွက် ကုန်စည်စီးဆင်းမှုတွေကိုလည်း ဧပြီလ ၂၀ ရက်နေ့ကစပြီး ဖြတ်တောက်ထားတယ်လို့ ဒေသခံကာကွယ်ရေးတွေက ပြောပါတယ်။

 

“ကျွန်တော်တို့ မြို့သိမ်းတိုက်ပွဲအတွက် ပြင်ဆင်နေတာကြောင့် တမူးမြို့ကို ကုန်စည်စီးဆင်းမှု စတင်ဖြတ်တောက်တာဖြစ်တယ်။ ဘယ်ကုန်စည်မှလည်း သယ်ယူပို့ဆောင်တာ မပြုသလို တခြားခိုးလမ်းကနေလည်း ခွင့်မပြုဘူး။ အဓိကတော့ စကစဆီ ရိက္ခမရောက်နိုင်အောင် ကျွန်တော်တို့ စတင်ဆောင်ရွက်နေတာဖြစ်ပါတယ်”လို့ PDF တမူးခရိုင် တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

တမူးမြို့ပေါ်မှာ စစ်ကောင်စီနဲ့ ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားပြီး နယ်ကျေးရွာတွေနဲ့ ကုန်စည်စီးဆင်းမှုအတွက် အဓိက ဆက်သွယ်ရေး လမ်းကြောင်းတွေအားလုံးကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားပါတယ်။

 

အခုလို တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ကုန်စည်စီးဆင်းမှုတွေ ဖြတ်တောက်တာကြောင့် တမူးမြို့မှာ ကုန်စျေးနှုန်း နှစ်ဆ မြင့်တက်သွားသလို့ ကုန်စည်တချို့ဟာလည်း ပြတ်လပ်နေတာကြောင့် ဒေသခံတွေဟာ အထွေထွေကြပ်တည်းမှုနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

 

“တမူးမြို့က တခြားမြို့တွေထက်စာရင် အရင်ကတည်း ကုန်စျေးနှုန်း မြင့်တက်နေတယ်။ တခြားမြို့တွေမှာ ၁,၀၀၀ ကျပ်ဆိုရင် တမူးမြို့မှာ ၅,၀၀၀ လောက်ရှိတယ်။ ဒီလိုအခြေအနေမျိုးမှာ ကုန်စည်နှုန်းက ပိုမြင့်တက်သွားတယ်။ အခုဆိုရင် စားသောက်ကုန်တချို့ ပြတ်လပ်မှုနဲ့ ကြုံတွေနေရပြီ”လို့ အသက် ၄၀နှစ်အရွယ် တမူးမြို့ခံအမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

လက်ရှိမှာ ဆန်ဟာ သိုလှောင်ထားတာရှိသေးတာကြောင့် ဆန်စျေးမှာ မြင့်တက်ခြင်းမရှိပေမယ့် ဆား၊ ဟင်းချိုမှုန့်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဆီ၊ ငပိတို့မှာ အရင်ကထက် နှစ်ဆ မြင့်တက်သွားတယ်လို့ သူက ဆိုပါတယ်။

 

တမူးမြို့နယ်ထဲက ခမ်းပတ်မြို့နဲ့ မြို့သစ်မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထိန်းချုပ်ထားပြီး တမူးမြို့တစ်မြို့တည်းသာ စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက် ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်