၄နာရီလာ ၄နာရီပျက်ကနေ ၄နာရီလာ ၈နာရီပျက် ဖြစ်လာတဲ့ ရန်ကုန်

Author CJ Platform
Categories
Published on Mar 25, 2025

စစ်မှုလုပ်ငန်းအထွန်းကားဆုံးဖြစ်တဲ့ ရန်ကုန်မြို့မှာ စစ်ကောင်စီအာဏာသိမ်းပြီးနောက် လျှပ်စစ်မီးပြတ်တောက်မှုကို အဆိုးရွားဆုံးခံစားနေရပြီး အခုအခါ တစ်နေ့ ၄ နာရီသာ ရရှိတော့တာကြောင့် မြို့ခံတွေအနေနဲ့ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ မြို့ခံတွေဆီကနေသိရပါတယ်။

 

ဒီနှစ် ၂၀၂၅၊ ဇန်နဝါရီလ ၅ ရက်နေ့ကစတင်ပြီး လျှပ်စစ်မီးကို ၄နာရီပေး၊ ၈နာရီဖြတ်စနစ်ကို ပြောင်းလဲခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုတဲ့ အချိန်မှာ ၄ နာရီလာ ၄ နာရီပျက် အစီအစဉ်ကနေ စာမေးပွဲအပြီး အရင်ကအတိုင်းပြန်ဖြစ်လာခဲ့တာလို့ မြို့ခံတွေက ပြောပါတယ်။

 

“မီးကခုနောက်ပိုင်း တောက်လျှောက်မမှန်တာ များလာတော့ ထမင်းအိုးတစ်လုံးတောင်မကျက်ဘူး။ ဒီအတိုင်းဆက်ပျက်နေရင် ရေသုံးဖို့တွေပါ အခက်အခဲတွေဖြစ်လာနိုင်မယ်” လို့ မြောက်ဒဂုံမြို့နယ်ရှိ အမျိုးသမီးတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

ချက်ပြုတ်ဖို့အတွက် ဂက်စ်နဲ့ မီးသွေးတို့ကိုသာ အားကိုးအသုံးပြုနေရတာဖြစ်ပြီး အခုနွေရာသီမှာ မီးဘေးအန္တရာယ်ကြုံတွေ့ရမှာကိုလည်း စိုးရိမ်ရတယ်လို့ သူကဆက်ပြောပါတယ်။

 

တာမွေ၊ တောင်ဥက္ကလာ၊ ဒဂုံဆိပ်ကမ်း၊ အရှေ့ဒဂုံ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ဒေါပုံ၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့်၊ မြောက်ဥက္ကလာ၊ ရန်ကင်း၊ သာကေတ၊ သင်ဃန်းကျွန်းမြို့နယ် တွေမှာ တစ်နေ့ကို ၄ နာရီလျှပ်စစ်မီးရရှိတယ်ဆိုပေမဲ့ မီးလာချိန်မမှန်တာကြောင့် မြို့ခံတွေ ပိုပြီးစိတ်ပျက်လက်ပျက်ဖြစ်နေရတယ်လို့ စုံစမ်းသိရှိရပါတယ်။

 

“ မီတာခကလည်း နှစ်ဆတက်သွားတာဆိုတော့ လျော့မသွားဘူး။ ဂတ်စ်ဖိုးတွေပိုကုန်တာပဲရှိတယ်။ မီးလာတဲ့အချိန်လေး ရေပြေးပြေးမောင်းရတာလဲ အမော” လို့ မြို့ခံ အမျိုးသမီးက ပြောပါတယ်။

 

ရန်ကုန်မှာ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် နွေရာသီကစလို့ လျှပ်စစ်မီးပြတ်တောက်မှုတွေ ဆိုးဆိုးရွားရွားဖြစ်ပေါ်ခဲ့ပြီး ပြည်သူလူထုရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာများ ထိခိုက်တာတွေ၊ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းတချို့ ပိတ်သိမ်းရတာတွေ ရှိနေတာပါ။

 

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလကစလို့ မီတာခတွေကို နှစ်ဆကျော်တိုးမြှင့်ကောက်ခံနေပြီး ရန်ကုန်မြို့ခံလူထုအနေနဲ့ မီတာခတိုးဆောင်နေရပေမဲ့ မီးလာချိန်က နည်းလို့ နေ့စဉ်လူနေမှုဘဝအခက်အခဲတွေ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

 

ပုံစာ – ရန်ကုန်မြို့တွင်း လျှပ်စစ်မီးပြတ်တောက်နေပုံ (ပုံဟောင်း)

Related News

Depend on news