လားရှိုးမြို့မှာ လျှပ်စစ်မီတာခတွေ ပြန်လည် ကောက်ခံတော့မယ်

Author CJ Platform
Categories
Published on Mar 25, 2025

ကိုးကန့်တပ်မတော် MNDAA က ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ လျှပ်စစ်မီတာခတွေ ပြန်လည်​ကောက်ခံတော့မယ်လို့ အုပ်ချုပ်ရေးအဖွဲ့က အသိပေးလာကြောင်း ဒေသခံတွေဆီက သိရပါတယ်။

 

လားရှိုးမြို့ကို ကိုးကန့်တပ်မတော် MNDAA က ထိန်းချုပ်ထားပြီး နောက်ပိုင်းမှာ စစ်အတွင်း ပျက်စီးသွားတဲ့ လျှပ်စစ်ဓာတ်အားပေးစနစ်ကို ပြန်လည် ပြုပြင်ခဲ့ပြီး ပြည်သူတွေကို အလှည့်ကျစနစ်နဲ့ လျှပ်စစ်မီးဖြန့်ဝေနေခဲ့တာပါ။

 

“ဒီဘက်မှာက နှစ်ရက်တစ်ခါ မီးလာတယ်လေ၊ သူတို့ မီးစပြန်ပေးထဲက မီတာခတွေ မကောက်ဘူး၊ ဒီလစကောက်မယ်တော့ ပြောတယ်၊ အိမ်သုံး တစ်ယူနစ်ကို ၁၀၀ကျပ် လုပ်ငန်းသုံး တစ်ယူနစ်ကို ၂၀၀ကျပ်လို့တော့ ကြားတယ် သေချာတော့ မသိရသေးပါဘူး”လို့ လာရှိုးမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

လားရှိုးမြို့ ပြန်လည်ထူထောင်အဖွဲ့က မြို့နယ် လျှပ်စစ်တာဝန်ရှိသူတစ်ဦးကို တွေ့ဆုံမေးမြန်းထားတဲ့ ရုပ်သံမှတ်တမ်းတစ်ခုမှာတော့ လာရှိုးမြို့ရဲ့ ၅၅ရာခိုင်နှုန်းကိုသာ လျှပ်စစ်မီးဖြန့်ဝေပေးသေးပြီး တစ်မြို့လုံး လျှပ်စစ်မီး ရရှိရေးအတွက် ဆက်လက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

 

မြို့တစ်ခုလုံး လျှပ်စစ်မီးဖြန့်ဝေပေးနိုင်ဖို့အတွက် ၁၃၀၀၀ ကီလိုဝပ်လိုအပ်နေပြီး လက်ရှိ ရရှိထားတဲ့ လျှပ်စစ်ဓာတ်အားဟာ ၂၇၀၀ ကီလိုဝပ်သာ ရှိသေးတာကြောင့် ရွှေလီမဟာဓာတ်အားလိုင်းကနေ လျှပ်စစ်သွယ်တန်းဝယ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

 

မြို့ပေါ်မှာရှိတဲ့ အများပြည်သူသုံး ထရန်စဖော်မာ ၃၂၈လုံးအနက် ၁၇၇လုံးကို ပြန်လည် ပြင်ဆင်ထားနိုင်ခဲ့ပြီး ပြည်သူ့ဆေးရုံကြီးကို လျှပ်စစ်မီး အဓိက ဖြန့်ဝေကာ ပိုလျှံလျှပ်စစ်ဓာတ်အားတွေကိုသာ ပြည်သူတွေကို ဖြန့်ဝေတာဖြစ်တယ်လို့ မြို့နယ်လျှပ်စစ်တာဝန်ရှိသူက လာရှိုးမြို့ ပြန်လည်ထူထောင်ရေးအဖွဲ့ကို ပြောကြားထားပါတယ်။

 

ပြည်သူတွေအနေနဲ့ လျှပ်စစ်မီတာအသစ် တပ်ဆင်လိုတာဖြစ်ဖြစ်၊ စစ်အတွင်းမှာ ပျက်စီးခဲ့တဲ့ လျှပ်စစ်မီတာကို အသစ်လဲလှယ်လိုတာပဲဖြစ်ဖြစ် အခမဲ့ လဲလှယ် တပ်ဆင်နိုင်တယ်လို့ ဆိုပါတယ်။

 

ဓာတ်ပုံ – လားရှိုးမြို့ ပြန်လည်ထူထောင်ရေး