ငဖဲမြို့နယ်က ဘုန်းကြီးကျောင်းကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက် ၂ ဦးသေဆုံး

မကွေးတိုင်း ငဖဲမြို့နယ်ရှိ အမ်း-ပဒါန်း ကားလမ်းပေါ်က လင်းတဲကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဖေဖော်ဝါရိ ၂၄ ရက် မနေ့က လေကြောင်းတိုက်ခိုက်ဗုံးကြဲခဲ့တာကြောင့် စစ်ရှောင် ချင်းအမျိုးသားနှစ်ဦး သေဆုံးပြီး ၁၀ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦး ပြောပြချက်အရ သိရပါတယ်။
လင်းတဲကျေးရွာရဲ့ အထက်မှာ စစ်ကောင်စီရဲ့ နတ်ရေကန်ဗျူဟာကုန်းစခန်းရှိနေပြီး အဲဒီအနီးဝန်းကျင်မှာ တိုက်ပွဲအချို့ဖြစ်ပွားနေတာကြောင့် ကျေးရွာသားတွေဟာ ဘုန်းကြီးကျောင်းမှာ စုပြီး စစ်ရှောင်နေထိုင်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။
“ရွာမှာနေရင် လေကြောင်းတိုက်ခိုက်ခံရမှာ လက်နက်ကြီးကျည်ကျမှာကြောက်လို့ ဘုန်းကြီးကျောင်းမှာ စုပြီးနေထိုင်နေကြတာ။ နေ့လယ် ၁၁ နာရိလောက်မှာ ဗုံကြဲခံလိုက်ရတာ” လို့ အဲဒီအကြောင်းသိရှိထားတဲ့ ဒေသခံတစ်ဦးက CJ Platform ကိုပြောပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ရာမှာ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး တစ်လုံးမှာ ရွာအပြင်ဘက်ကိုကျရောက်ခဲ့ပေမဲ့ နောက်တစ်လုံးမှာ ဘုန်းကြီးကျောင်းအနီးကျရောက် ပေါက်ကွဲခဲ့လို့ နှစ်ဦးပွဲချင်းပြီးသေဆုံးသွားတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
အဲဒီလိုဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူတွေကို မင်းဘူးဆေးရုံကို ပို့ဆောင်ထားပြီး ဒဏ်ရာရရှိသူတွေထဲ အသက်အန္တရာယ် စိုးရိမ်နေရတဲ့သူတွေပါ ပါဝင်တယ်လို့ သိရပါတယ်။
လင်းတဲကျေးရွာဟာ အမ်း-ပဒါန်း ကားလမ်းမပေါ်က အိမ်ခြေ ၁၀၀ ခန့်ရှိတဲ့ကျေးရွာဖြစ်ပြီး ဒေသခံတွေအနေနဲ့ ကော်ဖီစိုက်ခင်းကနေ ကော်ဖီခူးနေချိန်ဖြစ်တာကြောင့် ဝေးရာကို စစ်ဘေးမရှောင်နိုင်ပဲ အခုလို ဘုန်းကြီးကျောင်းမှာ ခေတ္တတိမ်းရှောင်နေကြတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီရဲ့ နတ်ရေကန် ဗျူဟာကုန်း စခန်းကို တိုက်ခိုက်နေတာဖြစ်ပြီး ဗျူဟာကုန်းစခန်းအနီးကို ရောက်ရှိနေပြီလို့ သိရတဲ့အပြင် စစ်ကောင်စီရဲ့ လေယာဉ်တွေဟာ ဒီကနေ့ နေ့လယ်ပိုင်းအထိ ပျံဝဲနေတယ်လို့ သိရပါတယ်။