ဟာသလူရွှင်တော် ဦးမေတ္တာရဲ့ သား သရုပ်ဆောင် မေတ္တာမြင့်မြတ်ဟိန်း လိုက်ပါလာတဲ့ မော်တော်ယာဉ် ယာဉ်တိုက်မှုဖြစ်

Author CJ Platform
Categories
Published on Feb 25, 2025

ပဲခူးတိုင်း အင်းတကော်မြို့ အမှတ်(၆) ရပ်ကွက် မိုင်တိုင် (၁၆/၁)နဲ့ (၁၆/၂) အကြားမှာ ဖေဖေါ်ဝါရီ ၂၄ရက်နေ့ ညနေ ၅နာရီခန့်က ဟာသလူရွှင်တော် ဦးမေတ္တာရဲ့သား သရုပ်ဆောင် မေတ္တာမြင့်မြတ်ဟိန်း လိုက်ပါလာတဲ့ မော်တော်ယာဉ်ဟာ သံလုံးတင်ထားတဲ့ ကုန်ကားကို ဝင်ရောက်တိုက်မိခဲ့တယ်လို့ ရန်ကုန်မြို့မှာရှိတဲ့ အနုပညာသတင်းထောက် တစ်ဦးဆီက သိရပါတယ်။

ကိုမေတ္တာမြင့်မြတ်ဟိန်း၊ မမေမြတ်နိုးခင်နဲ့ ဓာတ်ပုံဆရာ ကိုအောင်သူအောင်တို့ လိုက်ပါလာပြီး ယာဉ်မောင်း ကိုစိုင်းသီဟန်မောင်းနှင်လာတဲ့ TOYOTA MARK II အဖြူရောင်ယာဉ်ဟာ လမ်းဖြတ်ကူးတဲ့ အမျိုးသားတစ်ဦးကို တိမ်းရှောင်ရင်း လမ်းဘေးမှာ ရပ်နားထားတဲ့ သံလုံးတင်ထားတဲ့ ကုန်တင်ယာဉ်တစ်စီးကို တိုက်မိခဲ့တာပဲဖြစ်ပါတယ်။

ယာဉ်တိုက်မှုကြောင့် ကိုစိုင်းသီဟန်မှာ ညာခြေထောက်ကျိုးဒဏ်ရာ၊ ညာလက်မောင်း ပေါက်ပြဲဒဏ်ရာရရှိခဲ့ပြီး၊ ကိုအောင်သူအောင်မှာ ဝဲဘက်လည်ပင်းပွန်းခြစ်ဒဏ်ရာ၊ ရင်ညွှန့်အောက်ဒဏ်ရာ၊ ကိုမေတ္တာမြင့်မြတ်ဟိန်းမှာ ခါးပွန်းပဲ့ဒဏ်ရာ၊ တင်ပါးပွန်းခြစ်ဒဏ်ရာ၊ မမေမြတ်နိုးခင်မှာ ဝဲဘက်လက်မောင်းကျိုးဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

“အတော်သက်သာနေပါပြီ ပဲခူးဆေးရုံကြီးမှာ တင်ထားတယ်၊ ဒီနေ့တော့ ရန်ကုန်ကိုပြောင်းမယ်လည်း ကြားတယ် ဖုန်းမဆက်ရသေးဘူး”လို့ ရန်ကုန်မြို့မှာရှိတဲ့ အနုပညာသတင်းထောက်တစ်ဦးက ပြောပါတယ်။

ယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး အင်းတကော်ရဲစခန်းက ယာဉ်မောင်း ကိုစိုင်းသီဟန်ကို အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်