ငွေကြေးရယူလိုမှု၊ ပုဂ္ဂိလ်ရေးမကျေနပ်ချက်တွေကြောင့် မြို့နယ်ပကဖရဲ့ စွပ်စွဲဖမ်းဆီးခံရသူ အညာမှာ ဒီလိုဖြစ်ရပ်တွေ ဘယ်လောက်များနေပြီလဲ?

Author Justino
Categories
Published on Dec 25, 2024

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်မှာ မြို့နယ်ပကဖက အရပ်သားတစ်ဦးကို သုံးလကျော်အကြာ ဒီကနေ့ ဒီဇင်ဘာ ၂၅ ရက်အထိ ဖမ်းဆီးခံထားရပါတယ်။

 

ဦးမြင့်ဆွေ(၅၀)နှစ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၆ ရက်နေ့ ညပိုင်းမှာ စေတုတ္တရာမြို့နယ်၊ ပန်းအိကျေးရွာက သူ့ရဲ့နေအိမ်မှာပဲ ဒေသခံတွေအပေါ်မတရားလုပ်မှု၊ စစ်တပ်သတင်းပေးလုပ်မှုတွေနဲ့ စွပ်စွဲဖမ်းဆီးခံခဲ့ရပါတယ်။

 

“အဲဒီညက လေးငါးခြောက်အိမ်လောက်၀င်တယ်။ လုံခြုံရေးအရဆိုပြီး ဖုန်းတွေသိမ်းတယ်။ ပြီးတော့မှ ကျွန်တော်တို့မိသားစုအိမ် ၀င်တယ်။ ခေါ်သွားတယ်။ မြစိမ်းရောင်ကိစ္စလို့ပြောပြီး လက်၀တ်လက်စားတွေရော၊ ငွေတွေရောယူသွားတယ်” လို့ ဦးမြင့်ဆွေရဲ့  ၂၇ နှစ်ခန့်အရွယ် သားဖြစ်သူက CJ Platform ကို ပြောပါတယ်။

 

ဖမ်းသွားတဲ့ စေတုတ္ထရာမြို့နယ်ပကဖတာဝန်ရှိသူတွေက ဦးမြင့်ဆွေကို စစ်ကောင်စီ သတင်းပေးသူ(ဒလန်)လို့ တံဆိပ်ခတ်ပါတယ်။

 

ဒီလိုအခြေအနေတွေနဲ့ပတ်သက်ပြီး အဲဒီမြို့နယ်ပကဖက တာဝန်ရှိသူတစ်ဦးနဲ့ CJ Platform တို့ ဆက်သွယ်မေးမြန်းခွင့်ရခဲ့ပါတယ်။

 

“ရဲဘော်တွေက အရေးယူဖို့သွားစဥ်က ရှင်းလင်းဖို့သွားတာဖြစ်တယ်။ ရှင်းလင်းရလောက်အောင်လည်း အပြစ်ရှိနေတာဖြစ်တယ်။ ဒါပေမဲ့ ပကဖ ရေးရာတာဝန်ခံ အချို့ရဲ့ ဆုံးဖြတ်ချက်အရ ခုလို အပြစ်လောက်ပဲ အရေးယူလိုက်တာဖြစ်တယ်” လို့ CJ Platform ရဲ့ မေးခွန်းကို ဒေါသတကြီးပြန်ဖြေပါတယ်။

 

သူ့အပြောအရ ဦးမြင့်ဆွေဟာ ကံကောင်းထောက်မစွာနဲ့ အသက်ဘေးက လွတ်ခဲ့ပုံရပါတယ်။ သူ့လိုစွပ်စွဲခံရပြီး အသက်ဆုံးရှုံးရသူ အရပ်သားတွေ ဘယ်လောက်များနေပြီလဲ။ မေးခွန်းထုတ်စရာပါပဲ။

 

ဦးမြင့်ဆွေကို ဖမ်းဆီးရတာနဲ့ပတ်သက်ပြီးတော့ မြစိမ်းရောင်ငွေချေးလုပ်ငန်းလုပ်ကိုင်တာနဲ့ ဒလန်လုပ်ဆောင်တာတွေကြောင့်လို့ မြို့နယ်ပကဖတာဝန်ရှိသူက စွပ်စွဲပါတယ်။

 

ပန်းအိကျေးရွာကနေ တော်လှန်ရေးထဲမှာပါ၀င်တဲ့ ရဲဘော်တွေရဲ့ မိသားစု၊ ဆွေမျိုးတွေကို စစ်ကောင်စီဆီ ဦးမြင့်ဆွေက တိုင်လို့ စစ်ရှောင်ပြေးရတာရှိသလို စစ်ကောင်စီရဲ့ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရသူတွေလည်းရှိတယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

 

“ထွက်ဆိုချက်တချို့ ရထားပါတယ်။ တချို့လည်း ရွာက ဆက်စပ်သူတွေကို လွှဲချတာမျိုးရှိတယ်” လို့ သူက ပြောပါတယ်။

 

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေသခံတွေ၊ ဒေသခံတော်လှန်ရေးတပ်ရင်း/တပ်ဖွဲ့တွေက တာဝန်ရှိသူတွေ၊ စေတုတ္ထရာမြို့နယ်ပကဖအဖွဲ့ဝင်တွေကို သိရှိသူတွေ၊ ဦးမြင့်ဆွေနဲ့ တော်လှန်ရေးအတူလုပ်ဖူးသူတွေနဲ့ မိသားစုဝင်တွေကို CJ Platform က မေးမြန်းစုံစမ်းခဲ့ပါတယ်။

 

ဦးမြင့်ဆွေက မြစိမ်းရောင်လုပ်တာကလွဲပြီး တော်လှန်ရေးဘက်ကို ကူညီခဲ့သူသာဖြစ်ပြီး စစ်ကောင်စီနဲ့ ပတ်သက်စရာအကြောင်းမရှိဘဲ ပုဂ္ဂိုလ်ရေးမကျေနပ်ချက်ကြောင့် မတရားဖမ်းဆီးခံရတာဖြစ်တယ်လို့ အများစုက ပြောကြပါတယ်။

 

“ဦးမြင့်ဆွေအဖမ်းခံရတယ်ဆိုတော့ ကျွန်တော်တို့က စကစဆွဲတယ်ထင်ပြီး စကစဘက်ကို လိုက်ကြတာ” လို့ ဦးမြင့်ဆွေနဲ့ တော်လှန်အတူလုပ်ဖူးသူ လက်ရှိဒေသကာကွယ်ရေးတပ်တစ်ခုရဲ့ ခေါင်းဆောင်တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဒေသကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်က အခုလို ဆက်ပြောပြပါတယ်။

“ဦးမြင့်ဆွေအိမ်သားတွေကို ကြိမ်းမောင်းတာတွေ၊ စကားမပီသေးတဲ့ကလေးကိုပါ သတ်မယ်၊ ဖြတ်မယ်ဆိုတော့ ကျွန်တော်ကတော့ တော်လှန်ရေးသမားတော့ မဖြစ်နိုင်ဘူးလို့ပဲထင်ထားတာ”

 

ဖမ်းသွားပြီး နှစ်ရက်လောက်အကြာမှာတော့ မြို့နယ်ပကဖက ဖမ်းသွားတယ်ဆိုတာ သိရှိခဲ့ရတယ်လို့ ကာကွယ်ရေးတပ်ခေါင်းဆောင်က ပြောပါတယ်။

 

သူကြုံဖူးခဲ့တဲ့ ဦးမြင့်ဆွေအကြောင်းကိုလည်း အခုလိုပဲ ပြန်လည်ပြောပြပါတယ်။

 

“ဦးမြင့်ဆွေက အာဏာသိမ်းမှုမဖြစ်ခင်ကတည်းက သူ့ဒေသမှာ တက်ကြွလှုပ်ရှားသူတစ်ယောက်ပါပဲ။ အာဏာသိမ်းမှုဖြစ်တော့လည်း မြို့နယ်သပိတ်တွေမှာ ဝန်းရံ၊ ဦးဆောင်ပါဝင်ခဲ့တာ” လို့ ပြောပါတယ်။

 

ဆက်လက်ပြီး လက်နက်ကိုင်တိုက်ပွဲတွေ ဖော်ဆောင်ချိန်မှာတော့ စေတုတ္ထရာဒေသတွင်းက လက်နက်ကိုင်တော်လှန်သူတချို့ဟာ ဦးမြင့်ဆွေရဲ့ အကူအညီတွေ အများကြီးရယူခဲ့ပြီး လက်ရှိအချိန်မှာ တပ်ရင်း/တပ်ဖွဲ့အများအပြားဆီ ရောက်နေပြီလို့ အထက်ပါ တပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

 

ဒါပေမဲ့ သူ့ကို စက်တင်ဘာ ၆ ရက်နေ့ကစလို့ ဒီကနေ့ ဒီဇင်ဘာ ၂၅ ရက်နေ့အထိ မြို့နယ်ပကဖက အချုပ်မှာ ထိန်းသိမ်းထားပြီး မိသားစု၀င်တွေနဲ့ သုံးလကျော်ကြာတဲ့အထိ ဆက်သွယ်ပြောဆိုခွင့်မရသေးဘူးလို့ ပြောပါတယ်။

 

“အမေ့ကျန်းမာရေး တော်တော် ထိခိုက်နေလို့ပါ။ ပကဖကို ဖုန်းပြောခွင့်တောင်းတာ အကြိမ်ကြိမ် အခါခါပဲ။ စပီကာ ဖွင့်ပြောပါမယ်ဆိုတာတောင် မရဘူး” လို့ အသက် ၃၂ ခန့် ဦးမြင့်ဆွေရဲ့ သမီးဖြစ်သူက ပြောပါတယ်။

 

စေတုတ္တရာမြို့နယ်မှာနေထိုင်တဲ့ ဦးမြင့်ဆွေဟာ ပန်းအိကျေးရွာအတွင်း စစ်ကောင်စီတပ်လုပ်ငန်းတွေထဲကတစ်ခုဖြစ်တဲ့ မြစိမ်းရောင်ချေးငွေလုပ်ငန်းကို လွန်ခဲ့တဲ့ငါးနှစ်လောက်ကတည်းက လုပ်ကိုင်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

ဒီလုပ်ငန်းဟာ အရင်အာဏာမသိမ်းမီ စစ်တပ်အသိုင်းအဝိုင်းက လုပ်ဆောင်ခဲ့တာဖြစ်တဲ့အတွက် အခုအာဏာသိမ်းအပြီး စစ်ကောင်စီတပ်အသိုင်းအဝိုင်းက ဆက်လက်လုပ်ကိုင်နေတာဖြစ်ပါတယ်။

 

ဒါကြောင့် ဦးမြင့်ဆွေကို စစ်ကောင်စီနဲ့ပေါင်းပြီး ဒေသခံတွေဆီက မတရားအကျိုးအမြတ်ရယူတယ်ဆိုပြီး ဦးမြင့်ဆွေအိမ်အပါအဝင် ဒေသခံနေအိမ်တချို့ကို မြို့နယ်ပကဖအဖွဲ့ဝင်တွေက လက်နက်တွေနဲ့အတူ ဝင်ရောက်စီးနင်းခဲ့ပါတယ်။

 

အဲဒီလို အိမ်ဝင်စီးခံရချိန် ဦးမြင့်ဆွေ သားသမီးတွေရဲ့ လက်၀တ်ရတနာတချို့၊ ဇနီးရဲ့ လစာငွေ၊ ပြည်ပရောက်သားသမီးတွေပေးပို့ထားတဲ့ ကျပ်သိန်း ၄၀ ကျော်နဲ့ ကျေးရွာအတွင်းက မြစိမ်းရောင်အတိုးငွေ ခုနစ်သိန်းခွဲခန့်ကို မြို့နယ်ပကဖက သိမ်းယူသွားတယ်လို့ ဦးမြင့်ဆွေရဲ့သားက ပြောပါတယ်။

 

မြို့နယ်ပကဖရဲ့ ဒီလုပ်ရပ်နဲ့ပတ်သက်ပြီး “ကျွန်တော်တို့အနေနဲ့က ကလေးတွေက နိုင်ငံခြားမှာ အလုပ်လုပ်တာပဲဗျာ။ ကလေးတွေရဲ့ လုပ်အားခတွေ ပြန်ရစေချင်တာပေါ့။ သူ့အဖေလုပ်တာကိုတော့ မြစိမ်းရောင်ဆိုတာကလည်း စကစနဲ့ ပတ်သက်နေတော့ ဖမ်းသွားတာကိုမပြောလိုဘူး။ အဲဒီလုပ်ငန်းတွေက ရွာထဲလည်ပတ်နေတုန်းဗျ” လို့ ဒေသခံ အသက် ၅၀ ခန့် အမျိုးသားတစ်ဦးက ပြောပါတယ်။

 

 

ဦးမြင့်ဆွေဟာ တပ်ရင်းတပ်ဖွဲ့တွေ၊ ပကဖတွေ မပေါ်ခင်တည်းက တော်လှန်ရေးအတွက် အနောက်ရိုးမကျားဆိုတဲ့အဖွဲ့အစည်းနဲ့အတူ ပါ၀င်လှုပ်ရှားခဲ့သူ၊ လက်နက်ခဲယမ်းကစလို့ တပ်ရင်းတပ်ဖွဲ့ခေါင်းဆောင်တချို့နဲ့အတူ ဒေသတွင်း စည်းရုံးရေးလုပ်ငန်းစဥ်တွေအထိ လုပ်ဆောင်ခဲ့သူလို့ သူက ဆက်ပြောပါတယ်။

 

ဒါကြောင့် မြစိမ်းရောင်လုပ်ငန်းနဲ့ မသက်ဆိုင်တဲ့ မိသားစုငွေတွေကို သိမ်းဆည်းခြင်းနဲ့ ဦးမြင့်ဆွေရဲ့ဇနီးဖြစ်သူအပါအ၀င် မြေးဖြစ်သူတွေကို ခြိမ်းခြောက်တာတွေနဲ့ ဦးမြင့်ဆွေ ပြန်လည်လွတ်စေရေးအတွက် NUG တိုင်ကြားရေးကော်မတီ၊ တပ်ရင်းတပ်ဖွဲ့ ၊ မြို့နယ်ပအဖတို့ဆီ တိုင်ကြားစာပို့ထားတယ်လို့ မိသားစု၀င်တွေက ဆိုပါတယ်။

 

မြို့နယ်ပကဖက ရဲဘော်တွေဟာ ဦးမြင့်ဆွေကို ၀င်မဖမ်းမီ ပန်းအိကျေးရွာထဲက နေအိမ်တချို့ကို ဝင်ရောက်ရှာဖွေခဲ့ပြီး ထောက်ပို့ရဲဘော်လေးဦးရဲ့ ဖုန်းတွေအပါအဝင် ဒေသခံ ရှစ်ဦးရဲ့ မိုဘိုင်းလ်ဖုန်းတွေကို သိမ်းဆည်းသွားပါသေးတယ်။

 

ဒီအကြောင်း CJ Platform က စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီ မေးခွန်းထုတ်ခဲ့ပြီးနောက် ယမန်နေ့ ဒီဇင်ဘာ ၂၄ ရက်နေ့မှာတော့ ဦးမြင့်ဆွေရဲ့ မိသားစု၀င်ဖုန်းတွေမှအပ ကျန်ဒေသခံတွေရဲ့ ဖုန်းတွေကို ပြန်ပေးခဲ့တယ်လို့ ဒေသခံ သုံးဦးက ပြောပါတယ်။

 

မြို့နယ်ပကဖအဖွဲ့ဝင်တချို့နဲ့ ဦးမြင့်ဆွေတို့ကြား ကျေးရွာအတွင်း နွားအငှားသုံးတဲ့ကိစ္စအပါအဝင် ကျောင်းဖွင့်ရေးကိစ္စတွေမှာ ကတောက်ကဆဖြစ်ဖူးတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

 

ဒီအကြောင်း ဒေသခံတပ်ရင်းတစ်ခုရဲ့ အသက် ၅၀ ခန့် တပ်ရင်းမှူးတစ်ဦးက စေတုတ္တရာမြို့နယ်၊ ပန်းအိကျေးရွာက အခြေခံပညာကျောင်းဖွင့်တာနဲ့ ပတ်သက်လို့ NUG ဘက်က နယ်မြေမစိုးမိုးနိုင်သေးတဲ့အတွက် ကလေးတွေေပညာသင်ကြားစေလိုတဲ့ရည်ရွယ်ချက်နဲ့ ဒေသခံတွေနဲ့ ဆရာ/ဆရာမတွေရဲ့ တောင်းဆိုချက်အရ ဖွင့်လှစ်ဖို့ ခွင့်ပြုခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

 

ဒါပေမဲ့ မြို့နယ်ပကဖဘက်ကတော့ ဦးမြင့်ဆွေကို ဒီကနေ့ ဒီဇင်ဘာ ၂၅ ရက်ထိ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ညွှန်ကြားချက်အရဆိုပြီး စစ်ကောင်စီထောက်တိုင်နဲ့ ကူညီပံ့ပိုးသူနှစ်မှုလုံးမှာ ငြိစွန်းနေတာကြောင့် ထိန်းသိမ်းစစ်ဆေးနေပြီး ပြည်သူတရားလိုထွက်ဆိုချက်တွေရဲ့ ဖြည့်စွက်တွေ့ရှိတဲ့အပေါ်မူတည်ပြီး ပြစ်မှုပြစ်ဒဏ်ကို ဆက်လက်ဆုံးဖြတ်မယ်လို့ စေတုတ္ထရာမြို့နယ် ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

ဒါ့အပြင် ဦးမြင့်ဆွေရဲ့ အမျိုးသမီးကိုလည်း သူက အခုလို ကြိမ်းဝါးပြောဆိုပါသေးတယ်။

 

“သူ့အမျိုးသမီးကလည်း ရွာရဲ့ စကစပညာရေး Non-CDM ဦးဆောင်သူပါ။ ဒါပေမဲ့ပြည်သူက အထူးတိုင်တန်းတာမရှိသေးလို့ လွှတ်ထားသေးတာပေါ့။ စကစနဲ့ ပူးပေါင်းသူမှန်သမျှ အရေးယူမှာဖြစ်သလို NUG ရဲ့ ချမှတ်ထားတဲ့ လမ်းစဥ်တွေအတိုင်း တိတိကျကျ ဆက်လုပ်ပါမယ်။ ဥပဒေမှာ မိတ်ဆွေ၊ မွေးချင်း မရှိနေဘူးဆိုတာ ပြောချင်ပါတယ်” လို့ အထက်ပါတာ၀န်ရှိသူက ပြောပါတယ်။

 

ဦးမြင့်ဆွေအနေနဲ့ စစ်ကောင်စီသတင်းပေးအဖြစ် လုပ်ဆောင်ရွက်နေမှုနဲ့ပတ်သက်ပြီး သေချာခိုင်လုံတဲ့ သတင်းပေးတာမျိုးမတွေ့ဖူးပေမဲ့ မြစိမ်းရောင်နဲ့ပတ်သက်ပြီး ရွာထဲက အမြင်မကြည်မှုတွေ ရှိနိုင်တယ်လို့ မင်းဘူးခရိုင်တပ်ရင်းတစ်ခုရဲ့ အမည်မဖော်လိုတဲ့ အသက် ၅၀ နှစ်အရွယ် တပ်ရင်းမှူးတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“မင်းဘူးခရိုင်မှာ အဲဒီလို ဒလန်ခေါင်းစဥ်တပ်ပြီးတော့ ပိုက်ဆံတွေသိမ်းတာ၊ ဓားပြတိုက်မှု ပုံစံတွေက အမြဲတမ်းဖြစ်တယ်ဗျ။ အခုဖြစ်စဥ်တွေမှာ မိဘလုပ်တာ ကလေးတွေအတွက် အပြစ်ပေးအရေးယူစရာမရှိဘူးပေါ့။ တချို့တွေလည်း ပုဂ္ဂိုလ်ရေးအမြင်မကြည်လင်မှုတွေကနေ ဒီဘက်တွေမှာ ဒလန်လို့ခေါင်းစဥ်တပ်တာပါဗျ။ အဲဒီလိုမျိုးကိစ္စတွေကို ခရိုင်ပကဖတွေ၊ တိုင်းပကဖတွေဆီကို အသိပေးခဲ့တယ်။ သူတို့က ဘာမှအရေးယူခြင်း၊ ဆောင်ရွက်ခြင်းမရှိပါဘူး” လို့ သူက ပြောပါတယ်။

 

အထက်ပါတပ်ရင်းမှူးနဲ့အမြင်တူနေသူတစ်ဦးလည်းရှိနေပါသေးတယ်။ သူကလည်း ဦးမြင့်ဆွေဖမ်းဆီးခံရတာဟာ မြို့နယ် ပကဖ အဖွဲ့၀င်တွေက ငွေလိုချင်လို့ ဖမ်းဆီးတာလို့ ပြောပါတယ်။

 

သူကတော့ လုံခြုံရေးအရ အမည်မဖော်လို့မရတဲ့ ခရိုင်တပ်ရင်းမှူးတစ်ဦးဖြစ်ပါတယ်။

 

“အဓိကလုပ်တာက ပကဖ ရယ်၊ ရဝေအောင်ရယ်။ အစ်ကိုသိတာတော့ အဓိကပြဿနာရှာတာက ရဝေအောင်ပဲ။ ပြီးတော့ ပိုက်ဆံလိုချင်လို့ လူကိုဆွဲတာပဲ”

 

အညာဒေသထဲ အခုလိုဖြစ်ရပ်တွေ၊ မှားယွင်းစွပ်စွဲပြီး ဖမ်းဆီးခံရတာ၊ ပျောက်သွားရတာ၊ သေဆုံးသွားရသူတွေ ဘယ်လောက်တောင်များနေပါပြီလဲ။ ဘယ်သူမှမသိနိုင်ပါဘူး။

 

နွေဦးတော်လှန်ရေးမှာ ရရာလက်နက်ဆွဲကိုင် စစ်အာဏာရှင်ကို တော်လှန်နေကြလို့ မြန်မာကျော်ပြီး ကမ္ဘာသိလာကြသူတွေ၊ တစ်နိုင်ငံလုံးက ပြည်သူတွေရဲ့ ထောက်ခံအားပေးမှုရထားသူတွေ လေးနှစ်မပြည့်ခင်မှာပဲ ပြည်သူကို အနိုင်ကျင့်မှုတွေနဲ့ ကမ္ဘာပြန်ကျော်တော့မှာပါလား။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

Related News

Depend on news