ဆီးရီးယားရဲ့ တော်လှန်ရေးတပ်ဖွဲ့အများစုကို တပ်ပေါင်းစုကြီးအဖြစ် မြင်ရမယ်
ဆီးရီးယားကို လက်ရှိဦးဆောင်နေတဲ့ အာမက် အယ်လ်ရှာရာနဲ့ အာဏာရှင် အာဆတ်ကို ဖြုတ်ချခဲ့ကြတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ခေါင်းဆောင်တွေ တွေ့ဆုံခဲ့ကြပြီး လက်နက်ကိုင်တပ်ဖွဲ့အားလုံး တပ်တစ်တပ်ထဲအဖြစ် ပေါင်းစည်းကြဖို့ သဘောတူညီမှုရခဲ့တယ်လို့ ယမန်နေ့ ဒီဇင်ဘာ ၂၄ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တော်လှန်ရေးကို ဦးဆောင်ခဲ့တဲ့ Hayat Tahrir al-Sham (HTS) ရဲ့ ခေါင်းဆောင် အာမက်အယ်လ်ရှာရာနဲ့ ကျန်အဖွဲ့ခေါင်းဆောင်တွေဟာ လက်နက်ကိုင်တပ်တွေ အားလုံးကို ဖျက်သိမ်းပြီး ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကြီးကြပ်မှုအောက်မှာ တပ်တစ်တပ်တည်းအဖြစ် ပေါင်းစည်းကြဖို့ သဘောတူညီမှုရခဲ့ကြတယ်လို့ ဆီးရီးယား အထွေထွေအုပ်ချုပ်ရေးအဖွဲ့က အသိပေးပါတယ်။
ဒါပေမဲ့ ဆီးရီးယားအရှေ့မြောက်ပိုင်းက ကာ့ဒ်လူမျိုးတွေ ဦးဆောင်တဲ့ အမေရိကန်ကျောထောက်နောက်ခံပြု ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) ကတော့ သဘောတူညီချက်မှာ မပါဝင်ဘူးလို့ ကြေညာပါတယ်။
ဝန်ကြီးချုပ် မိုဟာမက်အယ်ဘာရှာက ဝန်ကြီးဌာနကို တော်လှန်ရေးအဖွဲ့ဝင်ဟောင်းတွေ၊ အာဆတ်စစ်တပ်ဘက်ကနေ ဘက်ပြောင်းလာတဲ့အရာရှိတွေနဲ့ ပြန်လည်ဖွဲ့စည်းသွားမှာဖြစ်တယ်လို့လည်း ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက ပြောထားပါတယ်။
“အာဆတ်အစိုးရ ပြုတ်ကျသွားပြီးကတည်းက ဒါ (တစ်တပ်တည်း အဖြစ်ပေါင်းစည်းမယ့်ကိစ္စ) ဟာ ဆီးရီးယားမှာ ဖြစ်ပျက်ခဲ့တဲ့အရာတွေထဲ အရေးအကြီးဆုံး ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”လို့ ဒမတ်စကတ်ကနေ သတင်းပေးပို့နေတဲ့ အယ်ဂျာဇီးရားသတင်းဌာနက ရီဆယ်ဆာဒါက ပြောပါတယ်။
အာဆတ်အစိုးရ ပြုတ်ကျပြီးပြီးချင်း နိုင်ငံတဝန်းက တော်လှန်ရေးအဖွဲ့ပေါင်းစုံဟာ မြို့တော် ဒမတ်စကတ်ကို အသီးသီးရောက်ရှိလာကြပြီး တချို့က မြို့တော်ရဲ့ မတူညီတဲ့ နယ်မြေအသီးသီးကို အပိုင်စားရဖို့ တောင်းဆိုကြတာတွေလည်း ရှိတယ်လို့ သူက ဆက်ရှင်းပြပါတယ်။
“လက်နက်အပြည့်အစုံ တပ်ဆင်ထားပြီး အာဏာရှင်ကို ၁၃ နှစ်လုံးလုံး တိုက်ခိုက်လာကြတဲ့ အဖွဲ့တွေ စည်းစည်းလုံးလုံးနဲ့ တစ်စုတစည်းတည်းအဖြစ် ဘယ်လိုပေါင်းစည်းကြမလဲ ဆိုတာကတော့ အဓိက စိုးရိမ်နေမိတဲ့ အချက်ပါပဲ”လို့ မစ္စတာ ဆာဒါက ဆိုပါတယ်။
ဒါ့အပြင် ဆွေးနွေးမှုတွေ တောက်လျှောက် လုပ်ပြီးတဲ့နောက်မှာတော့ ဆီးရီးယားမှာ နိုင်ငံရေးဩဇာအရရော စစ်ရေးအရပါ လွှမ်းမိုးမှုအရှိဆုံးဖြစ်တဲ့ အာမက်အယ်ရှာရက လက်နက်ကိုင် တပ်အားလုံးဟာ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အောက်မှာ ပေါင်းစည်းကြဖို့ သဘောတူညီမှု ရပြီလို့ ပြောလာတဲ့အတွက် ဒါဟာ တကယ့်ကို ထူးခြားပြောင်မြောက်လွန်းတဲ့ တိုးတက်မှုလို့လည်း သူက မှတ်ချက်ပြုပါတယ်။
ဆီးရီးယားအာဏာပိုင်အသစ်တွေဟာ အာဆတ်ကို ဖြုတ်ချပြီး တော်လှန်ရေးမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ မာဟက်ဖ်အဘူကာဆာကိုလည်း ကြားကာလအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ထားပါတယ်။
ကာ့ဒ်လူမျိုးတွေဦးဆောင်တဲ့ အဖွဲ့တွေရဲ့ လက်နက်တွေအပါအဝင် နိုင်ငံတွင်းက လက်နက်တွေအားလုံးဟာ နိုင်ငံတော်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိရမယ်လို့ အယ်လ်ရှာရာက အရင်ကတည်းက ကတိပြုပြောဆိုဖူးပါတယ်။
ဒါ့ပြင် အယ်ရှာရာဟာ သူ့ရဲ့ HTS အဖွဲ့က အကြမ်းဖက်အဖွဲ့အစည်း အယ်လ်ကိုင်ဒါဖွဲ့ဝင်ဟောင်း ဖြစ်ဖူးပေမဲ့ အရင်အစိုးရကို လက်စားချေဖို့ ဒါမှမဟုတ် လူနည်းစု ဘာသာခြားအုပ်စုတွေကို ဖိနှိပ်သွားမှာ မဟုတ်ဘူးဆိုတာကိုလည်း သူ့ဆီလာရောက်လည်ပတ်တဲ့ အနောက်နိုင်ငံက တာဝန်ရှိသူတွေ သံသယကင်းသွားအောင် ပြုမူလုပ်ဆောင်နေပါတယ်။
သူ့ရဲ့ အဓိကရည်ရွယ်ချက်ဟာ နိုင်ငံပြန်လည်တည်ဆောက်ဖို့နဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ဆောင်ဖို့ဖြစ်ပြီး ပဋိပက္ခအသစ်တွေမှာ ပါဝင်ဖို့ စိတ်မဝင်စားဘူးလို့လည်း ပြောပါတယ်။
ဆီးရီးယားတော်လှန်ရေးအင်အားစုတွေဟာ မြို့တော်ဒမတ်စကတ်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်နေ့မှာ သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး ၁၃ နှစ်ကြာ တော်လှန်ရေးကြီး အောင်မြင်ခဲ့ပြီး အာဆတ်မိသားစုရဲ့ ဆယ်စုနှစ်များစွာကြာတဲ့ အုပ်ချုပ်ရေးကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ အာဏာရှင်အာဆတ်ကတော့ ရုရှားနိုင်ငံမှာမိသားစုလိုက် ထွက်ပြေးခိုလှုံခဲ့ကြရပါတယ်။
အယ်လ်ရှာရာရဲ့ ညွှန်ကြားမှုအောက်က တပ်ဖွဲ့တွေကတော့ သိမ်းပိုင်ပြီးစ နိုင်ငံကို သုံးလကြာအုပ်ချုပ်မဲ့ အိမ်စောင့်အစိုးရတစ်ရပ်ကို ဖွဲ့စည်းထားပါတယ်။
ကာတာနိုင်ငံက အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကလည်း ဒမတ်စကတ်ကို ရောက်လာပြီး နောက်တစ်ရက် ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ဆီးရီးယားအပေါ်မှာ ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဖယ်ရှားခဲ့ပါတယ်။
ဒါ့အပြင် ဒမတ်စကတ်က ကာတာသံရုံးကိုလည်း ၁၃ နှစ်ကြာပိတ်ထားရာကနေ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး နှစ်နိုင်ငံကြား သံတမန်ရေးရာ အကွဲအပြဲလည်း အဆုံးသတ်ခဲ့ပါတယ်။
“ကာတာရဲ့ ရပ်တည်ချက်ကတော့ ရှင်းပါတယ်။ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို တတ်နိုင်သမျှ မြန်မြန်ဆန်ဆန်ပဲ ရုတ်သိမ်းဖို့ လိုအပ်ပါတယ်။ ဒီပိတ်ဆို့အရေးယူမှုတွေကို ဖြစ်စေမဲ့အရာတွေက မရှိတော့ပါဘူး။ ပိတ်ဆို့အရေးယူမှုတွေကို ဖြစ်စေခဲ့တာက အရင် အစိုးရရဲ့ ရာဇဝတ်မှုတွေပဲဖြစ်ပါတယ်”လို့ နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ အယ်လ်အန်ဆာရီက အသိပေးထားပါတယ်။
ဓာတ်ပုံ – Sameer Al-Doumy/AFP
ပုံစာ- စုတ်ပြဲနေတဲ့ ဆီးရီးယားအာဏာရှင် အာဆတ်ရဲ့ ပိုစတာရှေ့မှာ ရပ်နေတဲ့ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးကို ဒီဇင်ဘာ ၂၃ ရက်နေ့က တွေ့မြင်ရစဉ်
ကိုးကား- Al Jazeera