အစ္စရေးကို ဒုံးကျည်အစင်း ၂၅၀ ကျော်နဲ့ ဟစ်ဇ်ဘိုလာ တိုက်ခိုက်၊ အပစ်ရပ်စဲရေးကိစ္စ ပိုမိုရှုပ်ထွေးလာ

Author CJ Platform
Categories
Published on Nov 25, 2024

လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာအဖွဲ့ဟာ ယမန်နေ့ နိုဝင်ဘာ ၂၄ ရက်နေ့မှာ အစ္စရေးနိုင်ငံထဲကို ဒုံးကျည်အစင်း ၂၅၀ ကျော်နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ နိုင်ငံတကာသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

အစ္စရေးတို့ရဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက် စနေနေ့က ဘေရွတ်မြို့လယ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့မှုမှာ လူ ၂၉ ဦးအထိ သေဆုံးခဲ့ရတဲ့ကိစ္စကို ဟစ်ဇ်ဘိုလာတို့က လက်တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

 

အစ္စရေးရဲ့ မြို့တော်တဲလ်အဗစ်တဝိုက်က စစ်ဘက်ဆိုင်ရာနေရာနှစ်ခုကို တိတိကျကျပစ်မှတ်ထားပြီး ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ပြောဆိုခဲ့သလို အဲဒီဒုံးကျည်တွေဟာ တဲလ်အဗစ်မြို့အနီးက ပီတက်တစ်ဗက်ဟ်ဒေသမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

 

ဒါကြောင့် အဆောက်အအုံတွေ ထိခိုက်ပျက်စီးပြီးခဲ့သလို ဒုံးကျည်ရဲ့ အစအနတွေကြောင့် လူလေးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

 

အစ္စရေးဘက်ကလည်း လက်တုံ့ပြန်တဲ့အနေနဲ့ ယမန်နေ့ နိုဝင်ဘာ ၂၄ ရက်မှာပဲ ဘေရွတ်မြို့တောင်ပိုင်းက ဟစ်ဇ်ဘိုလာ ထိန်းချုပ်ရာဒေသတွေမှာရှိတဲ့ နေရာတွေကို ဒုံးကျည်တွေနဲ့ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အရပ်သားနေအိမ်တွေကြားမှာရှိတဲ့ ဟစ်ဇ်ဘိုလာတို့ရဲ့ စစ်ဌာနချုပ် ၁၂ နေရာကို ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့လည်း အစ္စရေးစစ်တပ်(IDF)က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

 

ဒါပေမဲ့ ပြီးခဲ့တဲ့ စနေနေ့ နိုဝင်ဘာ ၂၃ ရက်နေ့မှာ လူ ၂၉ ဦးအထိသေဆုံးခဲ့ရတဲ့ ဘေရွတ်မြို့လယ်ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့မှုနဲ့ပတ်သက်ပြီးတော့ IDF က ဘာကြောင့်တိုက်ခိုက်ရတယ်၊ ဘယ်နေရာကို ပစ်မှတ်ထားတယ်ဆိုတာကိုတော့ ပြောဆိုတာမျိုး မရှိသေးပါဘူး။

 

လက်ဘနွန်မှာ ယမန်နှစ် အောက်တိုဘာလကစလို့ အခုအချိန်ထိ အစ္စရေးတို့ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး လူပေါင်း ၃,၇၅၄ ဦးသေဆုံးခဲ့ရတယ်လို့ လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

 

ဒါ့အပြင် စစ်ပွဲတွေကြောင့် လက်ဘနွန်က လူပေါင်း တစ်သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသလို အစ္စရေးနိုင်ငံမြောက်ပိုင်းက လူထောင်ပေါင်းများစွာဟာလည်း နေရပ်စွန့်ခွာထွက်ပြေးနေရပါတယ်။

 

ပိုပြီးဆိုးလာနေတဲ့ ပဋိပက္ခတွေကို ရပ်တန့်နိုင်ဖို့ အပစ်ရပ်စဲရေးအတွက် ကြိုးပမ်းမှုတွေရှိနေပေမဲ့ အစ္စရေးအစိုးရရဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ သဘောတူညီမှုတွေ မရရှိသေးဘဲ ပြဿနာအချို့ ကျန်နေသေးတယ်လို့ အစ္စရေးရုပ်သံလွှင့်သတင်းဌာန Kan က ထုတ်ပြန်ခဲ့ပါတယ်။

 

လက်ဘနွန်ဝန်ကြီးချုပ်နာဂျစ်မီကာတီကလည်း “အစ္စရေးစစ်တပ်ရဲ့ လက်ဘနွန်တပ်မတော်စခန်းတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တာဟာ အပစ်ရပ်စဲရေးကမ်းလှမ်းမှုကို ပယ်ချလိုက်တဲ့ သွေးစွန်းနေတဲ့ သတင်းစကားဖြစ်တယ်” လို့ ပြောဆိုခဲ့ပါတယ်။

 

ယမန်နေ့မှာ အစ္စရေးတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လက်ဘနွန်တောင်ပိုင်းက တိုင်ရီမြို့အနီးက အယ်အမီရီယာစစ်စခန်းက စစ်သားတစ်ဦးသေဆုံးခဲ့ရပြီးနောက်မှာ မစ္စတာမီကာတီက အခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။

 

IDF ကတော့ မတော်တဆမှုအတွက် ဝမ်းနည်းကြောင်း၊ ဖြစ်စဉ်ကိုလည်း စုံစမ်းစစ်ဆေးနေကြောင်းနဲ့ သူတို့ဟာ လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာသာဖြစ်ပြီး လက်ဘနွန်တပ်မတော်ကို ပစ်မှတ်ထားခဲ့တာမဟုတ်ဘူးလို့ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။

 

အပစ်ရပ်စဲရေးအတွက် နောက်ထပ်ကြိုးပမ်းမှုအနေနဲ့ ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်မှာ ဟစ်ဇ်ဘိုလာ-အစ္စရေး စစ်ပွဲကို အဆုံးသတ်စေခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အမှတ် ၁၇၀၁ ကို အခြေခံပြီး ဆွေးနွေးမှုတွေလည်း ရှိနေတယ်လို့လည်း သိရပါတယ်။

 

ဥရောပသမဂ္ဂ (EU)ရဲ့ နိုင်ငံခြားရေးမူဝါဒအကြီးအကဲ ဂျိုးဆက်ဘိုရဲလ်က “အမေရိကန်ရဲ့ အပစ်ရပ်စဲရေးအဆိုပြုချက်ဟာ အစ္စရေးရဲ့ နောက်ဆုံးအတည်ပြုချက်ကိုစောင့်ဆိုင်းနေတယ်” လို့ ပြောပါတယ်။

 

ဒါ့အပြင် EU အနေနဲ့ လက်ဘနွန်တပ်မတော်ကို အမေရိကန်ဒေါ်လာ သန်း ၂၀၀‌ ထောက်ပံ့ဖို့အတွက် အသင့်ရှိနေတယ်လို့ သူက ထုတ်ပြန်ကြေညာထားပါတယ်။

 

ဓာတ်ပုံ- REUTERS/Itai Ron

 

ပုံစာ- အစ္စရေးဘက်က ရီနာတီရာဒေသမှာ ဟစ်ဇ်ဘိုလာတို့ရဲ့ ယမန်နေ့က ဒုံးကျည်နဲ့ ပတ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ အဆောက်အအုံတစ်လုံးကိုတွေ့ရစဉ်

 

ကိုးကား – Reuters