ယူကရိန်းစစ်မြေပြင်မှာ ရုရှားဘက်က ကူတိုက်ပေးဖို့ မြောက်ကိုရီးယားစစ်သားတွေ ရုရှားရောက်နေတယ်လို့ အမေရိကန်ပြော

Author အဂ္ဂ
Categories
Published on Oct 25, 2024

 

မြောက်ကိုရီးယားစစ်သား ၃,၀၀၀ လောက် ရုရှားဘက်ရောက်ရှိနေပြီး ယူကရိန်းစစ်မြေပြင်မှာ ဝင်ရောက်တိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သက်သေအထောက်အထားတွေ တွေ့ရှိထားတယ်လို့ အမေရိကန်က ပထမဆုံးအနေနဲ့ ဖွင့်ဟပြောဆိုလိုက်ပါတယ်။

 

အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ရောမမြို့မှာ ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပြီး မြောက်ကိုရီးယားစစ်သားတွေ ယူကရိန်းမှာ တကယ်သွားတိုက်မယ်ဆိုရင် “အရမ်းကို စိုးရိမ်စရာကောင်းတဲ့ကိစ္စ” ဖြစ်မယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

 

နောက်ပြီး အိမ်ဖြူတော်ပြောခွင့်ရ ဂျွန်ကာဘီက မြောက်ကိုရီးယားစစ်သားတွေကို အောက်တိုဘာလဆန်းပိုင်းကနေ လလယ်ပိုင်းလောက်အထိ မြောက်ကိုရီးယား ဝန်ဆန်ဒေသကနေ ရုရှားရဲ့ အရှေ့ဘက်ရှိ ဗလာဒီဗော့စတော့မြို့ကို သင်္ဘောနဲ့ ပို့ဆောင်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

 

လက်ရှိမှာတော့ အဲဒီစစ်သားတွေဟာ ရုရှားနိုင်ငံအရှေ့ပိုင်းက စစ်စခန်းသုံးခုမှာ လေ့ကျင့်နေကြတယ်လို့ ဂျွန်ကာဘီက ပြောပါတယ်။

 

“သူတို့က တကယ်လို့ ယူကရိန်းကို တိုက်ခိုက်ဖို့ ဝင်လာရင် ရန်သူလို့သတ်မှတ်ရပါမယ်။ ရန်သူတပ်ဖွဲ့ဝင်တွေဖြစ်သွားပြီး ယူကရိန်းတပ်မတော်က ရုရှားစစ်သားတွေကို ခုခံတိုက်ခိုက်သလိုပဲ မြောက်ကိုရီးယားစစ်သားတွေကိုလည်း ခုခံတိုက်ခိုက်သွားမှာပါ” လို့ သူက ပြောပါတယ်။

 

တောင်ကိုရီးယား လွှတ်တော်အမတ်တွေကတော့ မြောက်ကိုရီးယားဟာ ရုရှားကို စစ်သား ၁၀,၀၀၀ လောက် ပို့ဖို့ကတိပေးထားပြီး ဒီဇင်ဘာလမှာတော့ ပို့ဆောင်မှု အပြီးသတ်မယ်လို့ ပြောပါတယ်။

 

တောင်ကိုရီးယားထောက်လှမ်းရေးရဲ့အဆိုအရ စက်တင်ဘာနဲ့ အောက်တိုဘာလတွေကတည်းက မြောက်ကိုရီးယားမှာ စစ်သားတွေ လေ့ကျင့်နေတာကို တွေ့ရှိထားတယ်လို့ လွှတ်တော်အမတ် ပါ့ခ်ဆန်ဝမ်းက ပြောပါတယ်။

 

လက်ရှိ မြောက်ကိုရီးယားစစ်သားတွေက ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အလွန်ကောင်းပေမဲ့ ဒရုန်းတိုက်ခိုက်ရေးလို ခေတ်မီစစ်ပွဲတွေမှာ နားလည်မှု အားနည်းနေသေးလို့ တိုက်ပွဲဝင်ရင် ထိခိုက်ဒဏ်ရာရတာတွေ များနိုင်တယ်လို့ ရုရှားစစ်သင်တန်းဆရာတွေက သုံးသပ်ထားတယ်လို့ တောင်ကိုရီးယားဘက်က ပြောဆိုထားပါတယ်။

 

မြောက်ကိုရီးယားအာဏာပိုင်တွေဟာ စစ်သားတွေရဲ့ သတင်းမပျံ့နှံ့အောင် သူတို့ရဲ့မိသားစုဝင်တွေကို သီးခြားနေရာတစ်ခုမှာ ထားရှိပြီး အတင်းအကျပ် ထိန်းချုပ်ထားတယ်လို့လည်း တောင်ကိုရီးယားလွှတ်တော်အမတ် လီဆောင်ကွမ်းက ပြောပါတယ်။

 

အမေရိကန်ဘက်က ဒီလိုစစ်သားတွေ ပို့ဆောင်တာဟာ ရုရှားစစ်တပ်မှာ လူအင်အားပြဿနာရှိနေတာကို ထပ်ပြီး သက်သေပြနေတာလို့ ပြောပါတယ်။ ရုရှားဟာ ယူကရိန်းစစ်မြေပြင်မှာ စစ်သားခြောက်သိန်းလောက် သေဆုံးထိခိုက်ဒဏ်ရာရမှုတွေ ရှိထားတယ်လို့ အမေရိကန်အရာရှိတွေက ပြောဆိုထားပါတယ်။

 

ရုရှားနဲ့ မြောက်ကိုရီးယားကတော့ ဒီသတင်းတွေကို ငြင်းဆိုထားပါတယ်။ ဒါပေမယ့် နှစ်နိုင်ငံဟာ ဇွန်လတုန်းက စစ်ရေးပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တွေ လက်မှတ်ထိုးထားပါတယ်။

 

ယူကရိန်းသမ္မတ ဇလန်းစကီးကလည်း မြောက်ကိုရီးယားက စစ်သား ၁၀,၀၀၀ လောက်ကို ရုရှားဆီ လွှဲပြောင်းပေးဖို့ ပြင်ဆင်နေတယ်လို့ စွပ်စွဲပြောဆိုထားပြီး သူ့မဟာမိတ်တွေကို သက်သေ အထောက်အထားတွေကိုနဲ့ တုံ့ပြန်ပေးဖို့ တောင်းဆိုထားပါတယ်။

 

အမေရိကန်လွှတ်တော် ထောက်လှမ်းရေးကော်မတီဥက္ကဋ္ဌ မိုက်တာနာက မြောက်ကိုရီးယားစစ်သားတွေ ရုရှားနယ်မြေပေါ်ကနေ ယူကရိန်းကို တိုက်ခိုက်လာရင် အမေရိကန်လက်နက်တွေနဲ့ တုံ့ပြန်ခွင့်ပြုသင့်တယ်လို့ ပြောပါတယ်။

 

“မြောက်ကိုရီးယားစစ်သားတွေ ယူကရိန်းနယ်မြေထဲ ဝင်ရောက်တိုက်ခိုက်လာရင် အမေရိကန်အနေနဲ့ မြောက်ကိုရီးယားစစ်သားတွေကို စစ်ရေးအရ တိုက်ရိုက်အရေးယူဖို့ စဉ်းစားသင့်တယ်” လို့လည်း သူက ထပ်လောင်းပြောကြားပါတယ်။

 

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့တုန်းကလည်း တောင်ကိုရီးယားသမ္မတရုံးက မြောက်ကိုရီးယားစစ်သားတွေ ရုရှားထဲက တပ်ပြန်ဆုတ်ဖို့တောင်းဆိုခဲ့ပြီး တကယ်လို့ မြောက်ကိုရီးယားနဲ့ ရုရှားတို့ စစ်ရေးအရပူးပေါင်းမှုပိုများလာရင် ယူကရိန်းကို လက်နက်တွေ ထောက်ပံ့တာမျိုးလုပ်ဆောင်ဖို့ စဉ်းစားနေတယ်လို့လည်း သတိပေးခဲ့ပါတယ်။

 

ဓာတ်ပုံ- KCNA

 

ပုံစာ – ၂၀၂၃ ခုနှစ်မှာ ကျရောက်တဲ့ မြောက်ကိုရီးယားထူထောင်ခြင်း ၇၅ နှစ်ပြည့်အခမ်းအနားမှာ တွေ့ရတဲ့ မြောက်ကိုရီးယားစစ်သားများ(ပုံဟောင်း)

 

ကိုးကား – Reuters