လှိုင်မှာ ရွှေဆိုင်သိမ်းပြီး ပြန်လာတဲ့ကား လုယက်သူ သုံးယောက်ကို ဖမ်းမိ

Author လဂွန်းအိမ်
Categories
Published on Oct 25, 2024

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်မှာ ရွှေဆိုင်သိမ်းပြီး ပြန်လာတဲ့ကားကို ရွှေဆိုင်ပိုင်ရှင် အိမ်ရှေ့မှာ လူလေးယောက်က လုယက်ခဲ့ပြီးနောက် အဲဒီ လေးယောက်ထဲက သုံးယောက်ကို သက်သေခံတွေနဲ့အတူ ဖမ်းဆီးလိုက်ပြီ ဖြစ်တယ်လို့ အောက်တိုဘာ ၂၄ ရက်နေ့မှာ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

 

လုယက်မှုဟာ အောက်တိုဘာ ၂၁ ရက်နေ့မှာ ဖြစ်ပွားခဲ့ကာ လှိုင်မြို့နယ် အမှတ် ၄ ရပ်ကွက် အေးရိပ်မွန်လမ်းမကြီပေါ်က ခြံအမှတ် ၂ ရှေ့မှာ လုယက်ခဲ့ကြတာဖြစ်ပြီး တစ်ယောက်မှာ လွတ်မြောက်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

လုယက်သူတွေထဲပါဝင်တဲ့ ထက်အောင်ခိုင် ရဲ့ ဇနီးဖြစ်သူ မသက်ထားခိုင် (ခ) ရည်မွန်အေးကို တောင်ဥက္ကလာ ၅ ရပ်ကွက် ပါရမီလမ်းနဲ့ သုမင်္ဂလာလမ်းဆုံမှာ စစ်ဆေးခဲ့ရာကနေ ဘေးလွယ်အတွင်း ပလက်တီနမ် ရွှေဖြူဆွဲကြိုး ရှစ်ကုံးနဲ့အတူ ငွေ ၁၀ သိန်းကျပ်တို့ကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

 

ဆက်လက် စုံစမ်းမေးမြန်းခဲ့ရာမှာတော့ ခင်ပွန်းဖြစ်သူက ရောင်းချခိုင်းတယ်လို့ ထွက်ဆိုပြီး အဲဒီနောက် ထက်အောင်ခိုင် (၃၆) နှစ် (ဘ) ဦးအေးချိုကို စတင်ဖမ်းမိနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

 

ထက်အောင်ခိုင်ကို ဖမ်းဆီးရမိရာမှာ လုယက်မှုအတွင်း အသုံးပြုခဲ့တဲ့ ခြောက်လုံးပြူး သေနတ် တစ်လက်နဲ့အတူ ကျည် ကိုးတောင့်၊ ကျည်ခွံတစ်ခု၊ ငွေစက္ကူရောရာ ၁၈ သိန်းနဲ့ ရွှေထည်ပစ္စည်းမျိုးစုံ (စိစစ်ဆဲ) တို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။

 

အဲဒီနောက် မကွေးတိုင်း၊ ပွင့်ဖြူမြိုနယ်၊ ပေါက်စုကျေးရွာနေ တရားခံ ကျော်ကြီး (ခ) ကျော်ဇင်ဟိန်း (၂၂) နှစ် (ဘ) ဦးထွန်းထွန်းနဲ့ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို၊ ဥဿာမြိုသစ်၊ အမှတ် (၈) ရပ်ကွက်နေ စောပိုင်ဇော်ဦး (ခ) ပိုင်ကြီး (၃၅) နှစ် (ဘ) ဦးစံသောင်းတို့ကို အသီးသီး ဖမ်းဆီးရမိခဲ့ပေမဲ့ ဝေကြီးဆိုသူကတော့ လွတ်မြောက်နေဆဲဖြစ်တယ်လို့ စစ်ကောင်စီ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

 

လုယက်သူတွေဟာ လုယက်မှုကျူးလွန်ဖို့ ကမာရွတ်မြိုနယ်၊ အင်းစိန်လမ်းနဲ့ ဆင်ရေတွင်းလမ်းထောင့်ရှိ မြရွှေယုံ ရွှေဆိုင်ကို (၃/၄) ကြိမ်ခန့် လေ့လာပြီး ဆိုင်ဖွင့်ချိန်နဲ့ ဆိုင်သိမ်းချိန်တွေမှာ ယာဉ်မောင်းတစ်ယောက်တည်း ဆိုင်က ရွှေထည်ပစ္စည်းတွေကို သယ်ယူပို့ဆောင်လေ့ရှိတာကို သိရပြီးနောက် အခုလို ကျူးလွန်ခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

ထက်အောင်ခိုင်ဟာ Toyota Corolla အဖြူရောင်ကားကို မောင်းနှင်ကာ မြရွှေယုံရွှေဆိုင်ကနေ ဆိုင်သိမ်းပြီး ပြန်လာတဲ့ ကားအနောက်ကနေ ရပ်ပြီး ယာဉ်မောင်းဖြစ်သူကို သေနတ်နဲ့ချိန် တံခါးဖွင့်ခိုင်းနေချိန် ဝေကြီးဆိုသူက ကားအနောက်တံခါးမှန်ကို တူနဲ့ထုခွဲခဲ့တာလို့ သိရပါတယ်။

 

အဲဒီနောက် ကျော်ဇင်ဟိန်း (ခ) ကျော်ကြီးနဲ့ စောပိုင်ဇော်ဦး (ခ) ပိုင်ကြီးတို့ နှစ်ယောက်က ရွှေထည်ပစ္စည်းတွေ ထည့်ထားတဲ့ သံသေတ္တာ သုံးလုံးကို သူတို့စီးလာတဲ့ကားပေါ် တင်ဆောင်ထွက်ပြေးခဲ့ကြတာ ဖြစ်တယ်လို့ စစ်ကောင်စီသတင်းတွေမှာ ဖော်ပြထားပါတယ်။

 

ဒါ့အပြင် အခင်းဖြစ်ချိန်အတွင်း ထက်အောင်ခိုင်က ရွှေဆိုင်ပိုင်ရှင်အိမ်ရဲ့ လုံခြုံရေးဝန်ထမ်းကို သေနတ် နဲ့ပစ်ခတ်ခဲ့ပေမဲ့ ခြံဝန်းသံပန်းတံခါးကိုသာ ထိမှန်ခဲ့တယ်လို့  ဆိုပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၈ ရက်နေ့ကလည်း ကြည့်မြင်တိုင်ညစျေးက ရွှေဆိုင်ပိုင်ရှင်ကို ရိုက်နှက်ကာ ကားနဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး နောက်တစ်နေ့မှာ အမြန်လမ်းပေါ် အလောင်းပြန်တွေ့ရတဲ့ ဖြစ်စဥ်တစ်ခုဖြစ်ပွားခဲ့ပါသေးတယ်။ ၁၀ ရက်အကြာမှာ ပြစ်မှုကျူးလွန်တယ်လို့ သံသယရှိသူ လူ လေးယောက်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။

 

ဓာတ်ပုံ – Pro SAC

ပုံစာ – ဖမ်းဆီးရမိသူတွေကို တွေ့ရစဉ်