ပဋိပက္ခတွေအကြား မြေပဲစိုက်ရတဲ့ မကွေးတိုင်းက တောင်သူတွေ ပဲအထွက်နှုန်းကျဆင်းလို့ အရှုံးပေါ်

Author CJ Platform
Categories
Published on Sep 24, 2025

မကွေးတိုင်းထဲက မြေပဲစိုက်တောင်သူတွေ မြေပဲတွေ ရိတ်သိမ်းနေချိန်မှာ ရာသီဥတုပြောင်းလဲဖောက်ပြန်မှုနဲ့ ဒေသတွင်း မတည်ငြိမ်မှုတွေကြောင့် ပုံမှန်နှစ်တွေထက် အထွက်နှုန်းကျဆင်းကာ အရှုံးပေါ်နေတယ်လို့ မကွေးတိုင်းထဲက မြေပဲစိုက်တောင်သူတချို့က CJ Platform ကို ပြောပါတယ်။

ယခုနှစ် မြေပဲစိုက်ပျိုးချိန်မှာ ရာသီဥတုဖောက်ပြန်တာ၊ ဖျက်ပိုးကျရောက်တာအပြင် လိုအပ်တဲ့ သွင်းအားစု မြေဆီ၊ မြေဩဇာ၊ ပိုးသတ်ဆေးတွေကို တောင်သူတွေအနေနဲ့ ဝယ်ယူသုံးစွဲနိုင်ဖို့ မလွယ်ကူတာကြောင့် မျိုးပဲတစ်တင်းကို တင်း ၃၀ အောက်သာ ထွက်ရှိတယ်လို့ သိရပါတယ်။

“အထွက်ကျလာတဲ့အကြောင်းက အများစုက စစ်ကြောင်းထိုးလာရင် ထားခဲ့ရမှာပဲ အဲဒီလိုတွေးပြီး လုပ်အားလျော့လာတာရယ်။ ကျွန်တော်တို့ဒေသက မိုးကိုပဲ အားကိုးတဲ့ဒေသလည်းဖြစ်တော့ ရာသီဥတုကြောင့် ကတော့ အဓိကပေါ့ဗျာ” လို့ ချောက်မြို့နယ်၊ မြေပဲစိုက်တောင်သူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ်က ပျိုးမြေပဲတစ်တင်းကို အနည်းဆုံး တင်း ၃၀ ခန့်ကနေ တင်း ၅၀ ကျော်အထိ အထွက်နှုန်းရှိခဲ့ပြီး ဒီနှစ်မှာတော့ မြေပဲဥထွက်နှုန်း နည်းပါးတာကြောင့် အထွက်နှုန်းခန့်မှန်းရခက်ကာ အရှုံးပေါ်နိုင်တယ်လို့ မြေပဲတောင်သူတွေက ဆိုပါတယ်။

 

“မြေပဲက နှုတ်နေကြပြီ ဒီနှစ်မိုးခေါင်သွားတော့ မဥဘူး ရှုံးတယ်။ မျိုး၊ လုပ်သားစရိတ်၊ မြေဆီစရိတ်တွေ ပြန်မရနိုင်ဘူး” လို့ မြိုင်မြို့နယ်၊ မြေပဲစိုက်တောင်သူတစ်ဦးက ပြောပါတယ်။

 

မကွေးတိုင်း ဒေသခံ မြေပဲစိုက်ပျိုးသူအနေနဲ့ ဒေသတွင်းမတည်ငြိမ်တာတွေကြောင့် ထွက်ရှိလာတဲ့ မြေပဲတွေကို ရောင်းချဖို့ အခက်အခဲတွေလည်း ရှိနေတဲ့အတွက် နီးစပ်ရာ ပွဲစားတွေကိုပဲ ရောင်းချနေရပြီး တချို့တောင်သူတွေလည်း မျိုးနဲ့ ဆီကြိတ်ခွဲဖို့အတွက် သိုလှောင်ထားကြတယ်လို့ ဆိုပါတယ်။

 

ဓာတ်ပုံ – CJ