စစ်ကောင်စီလက်အောက်ခံများ သတ်ဖြတ်ခံရပြီးနောက် မင်းကွန်းဒေသက နေအိမ်များကို စစ်တပ်မီးဝင်ရှို့

Author မင်းထက်
Categories
Published on Jul 24, 2024

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသ သမိုင်းဝင် မြသိန်းတန်ဘုရားအနီးရှိ နေအိမ်များအပါအ၀င် အရပ်သားနေအိမ် ၃၀ ကျော်ကို မှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံများထံမှ သိပါတယ်။

 

ယမန်နေ့ ဇူလိုင် ၂၃ ရက် နေ့လယ်ပိုင်းမှာ မင်းကွန်းဒေသက ကျေးရွာ နှစ်ခုကို စစ်ကောင်စီတပ်တွေက အင်အား ၁၀၀ ခန့်ဖြင့် ၀င်ရောက်မီးရှို့ဖျက်ဆီးခဲ့တာလို့ စစ်ကိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၀င်တစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“ဒီ(ပမာဏ)ထက်ကျော်နိုင်တယ်လို့တော့ သိထားတယ်။ သတင်းထပ်မရသေးဘူး” လို့ ၎င်းက ပြောပါတယ်။

 

ဇူလိုင် ၂၃ ရက် နေ့လယ်ပိုင်းမှာ စစ်ကိုင်းမြို့နယ် မြောက်ခြမ်းရှိ မင်းကွန်းရွာက အိမ်လေးလုံးနဲ့ ရှားရှောင်းရွာက အိမ် ၂၈ လုံးခန့်ကို စစ်တပ်က မီးရှို့ ဖျက်စီးခဲ့တာလို့ လတ်တလောသတင်းရထားသလို မီးရှို့ခံရတဲ့အိမ်ခြေထပ်ရှိနိုင်သေးတယ်လို့ Wetlet Informational Network ကလည်း ဆိုပါတယ်။

ဒါဟာ ယမန်နေ့မနက်အစောပိုင်းတုန်းက မင်းကွန်းနယ်ရှိ လက်ဘက်ရည်ဆိုင်တစ်ဆိုင်းမှာထိုင်နေတဲ့ ပျူစောထီးနဲ့ ရဲတစ်ဦးတို့ကို တော်လှန်ရေးအဖွဲ့ဝင်တွေ ပစ်ခတ်ရှင်းလင်းတာကို လက်တုံ့ပြန်တာဖြစ်တယ်လို့ PDF တွေနဲ့ နီးစပ်သူ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

 

“ပျူ‌ေ-ွးတစ်ကောင်နဲ့ ရဲ​‌‌ေ-ွးတစ်ကောင် လက်ဘက်ရည်ဆိုင်ထိုင်နေတုန်း ရှင်းခဲ့တာ။ ပျူက အရင် တန်းသေတယ်။ တော်လှန်ရေးအဖွဲ့တွေ နည်းနည်းအဝေးရောက်မှ ထပ်ကြားတာ။ ရဲ​‌ေ-ွးပါ ထပ်သေသွားတယ်လို့ အတည်ပြုပြီးပါဗျ။ အဲဒီလို အပစ်ခံရလို့ ရွာတွေကိုပတ်ရမ်းပြီး မီးတင်ရှို့ခဲ့တာ” လို့ ၎င်းက ပြောပါတယ်။

 

စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခဲ့တဲ့ မင်းကွန်းရွာဟာ အိမ်ခြေတစ်ထောင်ကျော်ရှိတဲ့ တိုက်နယ်အဆင့်ရှိ ရွာကြီးတစ်ရွာဖြစ်ပြီး ရှားရောင်းရွာက အိမ်ခြေ နှစ်ရာကျော်ရှိတယ်လို့ သိရတယ်။

 

စစ်ကိုင်းမြို့နဲ့ ၁၃ မိုင်ခန့်အကွာမှာတည်ရှိတဲ့ မင်းကွန်းဒေသမှာ မင်းကွန်းပုထိုးတော်ကြီး၊ မင်းကွန်းခေါင်းလောင်းကြီး၊ မြသိန်းတန်စေတီဆိုပြီး သမိုင်းဝင်ရှေးဟောင်းစေတီပုထိုးများစွာ တည်ရှိပါတယ်။

 

ဓာတ်ပုံ- Wetlet Informational Network