စစ်ကောင်စီ ဖျက်ဆီးသွားတဲ့ မံဆောင်းတံတားကို ဒေသခံတွေ ပြန်လည်ပြုပြင်

Author ဆလိုင်း
Categories
Published on Jul 24, 2024

ချင်းပြည်(မြောက်ပိုင်း)၊ တီးတိန်မြို့နယ်က စစ်ကောင်စီ ဖျက်ဆီးသွားတဲ့ တီးတိန်-ရိဒ် ကုန်သွယ်ရေး လမ်းကြောင်းပေါ်က မံဆောင်းတံတားကို ဒေသခံပြည်သူတွေက ပြန်လည်ပြုပြင်လိုက်တယ်လို့ သိရပါတယ်။

 

အဲဒီတံတားဟာ အိန္ဒိယ – မြန်မာ အမှတ် (၂) နယ်စပ်ကုန်သွယ်ရေးစခန်းတည်ရှိတဲ့ ရိဒ်ခေါဒါရ်မြို့ကို ဆက်သွယ်ထားပြီး စစ်ကောင်စီက ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့မှာ မိုင်းခွဲ ဖျက်ဆီးခဲ့တာပါ။

 

ပြည်သူတွေ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စားဝတ်နေရေးတို့အတွက် နေ့စဥ်သုံးတဲ့ မံဆောင်းတံတားကို လိုင်တွီးကျေးရွာ ဒေသခံတွေက ကိုယ်ထူကိုယ်ထဖြင့် ပြန်လည်ပြုပြင်လိုက်ခြင်းဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“တံတားက လုံးဝပျက်စီးသွားတာ မဟုတ်ပေမဲ့ အသုံးပြုလို့ မရဘူး။ အဲဒါကို ပြည်သူတွေက ပြန်လည်ပြုပြင်တာဖြစ်တယ်။ တံတားဖျက်ဆီးလိုက်တဲ့အတွက် အိန္ဒိယဘက်က ကုန်ပစ္စည်းတွေ တီးတိန်မြို့နယ် ရွာတွေဘက်မှာ မရောက်နိုင်ဘဲ ပြတ်တောက်နေတယ်။ တခြား လူမှုရေး၊ ပညာရေးကိစ္စရပ်တွေမှာလည်း ဒီတံတားက ပြည်သူတွေအတွက် အရမ်းအရေးပါတယ်။ အဲဒီအတွက် ကျွန်တော်တို့က မဖြစ်မနေ အခုလို ပြန်လည်ပြုပြင်နေရတာဖြစ်ပါတယ်” လို့ ၎င်းက ပြောပါတယ်။

 

မဏိပူရမြစ်ပေါ်က မံဆောင်းတံတားကို ၂၀၂၀ ခုနှစ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)အစိုးရနဲ့ ချင်းအစိုးရအဖွဲ့တို့က နှစ်လမ်းသွား သံကူကွန်ကရစ်ကြိုးတံတားအမျိုးအစားအဖြစ်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ဇွန်လ ၁၀ ရက်နေ့ကလည်း တီးတိန်နဲ့ တွန်းဇံမြို့ကို ဆက်သွယ်ထားတဲ့ ဇလွေးတံတားကိုလည်း စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ဖျက်ဆီးခဲ့ပါတယ်။

 

ဓာတ်ပုံ – CJ

 

ပုံစာ – စစ်ကောင်စီဖျက်ဆီးလိုက်တဲ့ တီးတိန်မြို့နယ်၊ လိုင်တွီးကျေးရွာက မံဆောင်းတံတားကို တွေ့ရစဥ်