လူ ၁၇၀ ထက်မနည်းသေဆုံးပြီးနောက် ဘင်္ဂလားဒေ့ရှ်မှာ ဆန္ဒပြကျောင်းသားတွေရဲ့ တောင်းဆိုချက်ကို အစိုးရလိုက်လျော

Author အဂ္ဂ
Categories
Published on Jul 24, 2024

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မြို့တော် ဒါကာမှာ အစိုးရအလုပ်အကိုင်အခွင့်အလမ်းခွဲတမ်းတွေ ပြုပြင်ပြောင်းလဲဖို့ ကျောင်းသားများရဲ့ အစိုးရအပေါ် ဆန္ဒပြမှုတွေထဲ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေရှိခဲ့ကြပါတယ်။

 

ဆယ်ရက်ကျော်ကြာဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေအတွင်း ရဲတပ်ဖွဲ့ဝင်တွေအပါအဝင် လူပေါင်း ၁၇၀ ကျော် သေဆုံးခဲ့ရပြီး ၂,၅၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ AFP သတင်းဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

 

အဲဒီနောက် ဒီကနေ့ ဇူလိုင် ၂၄ ရက်မှာတော့ တရားရုံးချုပ် အယူခံဌာနခွဲရဲ့ ဆုံးဖြတ်ချက်အတိုင်း အစိုးရက ဆန္ဒပြကျောင်းသားတွေရဲ့ တောင်းဆိုချက်ဖြစ်တဲ့ ခွဲတမ်းစနစ်ကို ပြောင်းလဲပေးဖို့ လက်ခံလိုက်ပါတယ်။

 

အခု သဘောတူလိုက်တဲ့ အစိုးရအလုပ်ခန့်အပ်မှုဆိုင်ရာ စည်းမျဉ်းသစ်တွေအရ အစိုးရအလုပ် ၉၃ ရာခိုင်နှုန်းဟာ အရည်အချင်းပေါ်မူတည်ပြီး ခန့်အပ်မှာဖြစ်ပါတယ်။

 

၅ ရာခိုင်နှုန်းကတော့ လွတ်လပ်ရေး တိုက်ပွဲဝင်ခဲ့သူတွေ၊ အမျိုးသမီးသူရဲကောင်းဘွဲ့ (Biranganas) ရသူတွေနဲ့ သူတို့တွေရဲ့ သားစဉ်မြေးဆက်တွေအတွက်ဖြစ်ပြီး ၁ ရာခိုင်နှုန်းကတော့ လူနည်းစုနဲ့ လူမျိုးစုငယ်တွေအတွက်နဲ့ နောက်ဆုံး ကျန်ရှိတဲ့ ၁ ရာခိုင်နှုန်းကတော့ မသန်စွမ်းသူတွေနဲ့ လိင်စိတ်ခံယူမှုကွဲပြားသူတွေအတွက်ဖြစ်တယ်လို့ သိရပါတယ်။

 

အခုသတ်မှတ်လိုက်တဲ့ ခွဲတမ်းဟာ အစိုးရအလုပ်ရဲ့ ရာထူးအဆင့်အားလုံးအတွက် အကျုံးဝင်မှာလည်း ဖြစ်ပါတယ်။ အကယ်၍ ခွဲတမ်းတွေအောက်မှာ လစ်လပ်နေရာတွေရှိခဲ့မယ်ဆိုရင်တော့ အရည်အချင်းနဲ့ပဲ သတ်မှတ်ပြီး ဖြည့်စွက်သွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

 

၂၀၁၈ ခုနှစ်မှာဖြစ်ပေါ်ခဲ့တဲ့ ခွဲတမ်းပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုအပြီးမှာ အစိုးရဟာ ပထမအဆင့်နဲ့ ဒုတိယအဆင့် အစိုးရအလုပ်တွေမှာ ခွဲတမ်းစနစ်ကို ဖျက်သိမ်းခဲ့ဖူးပါတယ်။ ခွဲတမ်းစနစ်မဖျက်သိမ်းခင်က အစိုးရအလုပ် နေရာအားလုံးရဲ့  ၅၀ ရာခိုင်နှုန်းနီးပါးကို အမျိုးမျိုးသာ ခေါင်းစဉ်ခွဲတမ်းတွေနဲ့  သီးသန့်ဖယ်ထားခဲ့တာပါ။

 

နေရာအားလုံးထဲမှာ ၃၀ ရာခိုင်နှုန်းဟာ လွတ်လပ်ရေးတိုက်ပွဲဝင်သူတွေနဲ့ သူတို့ရဲ့ သားစဉ်မြေးဆက်တွေ အတွက်၊ ၁၀ ရာခိုင်နှုန်းဟာ မဖွံ့ဖြိုးသေးတဲ့ အသိုင်းအဝိုင်းအတွက်၊ ၅ ရာခိုင်နှုန်းဟာ လူနည်းစုနဲ့ လူမျိုးစုငယ်တွေအတွက်နဲ့ ၁ ရာခိုင်နှုန်းဟာ မသန်စွမ်းသူတွေအတွက်ဆိုပြီး သီးသန့်ဖယ်ထားတာမျိုး လုပ်ခဲ့တာပါ။

 

ဒါပေမဲ့ ၂၀၁၈ ခုနှစ်နောက်ပိုင်း ခွဲတမ်းစနစ်ဖျက်သိမ်းခဲ့ပြီးတဲ့နောက်မှာတော့ လွတ်လပ်ရေးတိုက်ပွဲ ဝင်ခဲ့သူတွေရဲ့ သားသမီးတွေဟာ တရားရုံးချုပ်ကို အသနားခံစာချွန်တင်ခဲ့တာမျိုးရှိခဲ့ပြီး ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့မှာ ခွဲတမ်းစနစ်ပြန်ကျင့်သုံးဖို့ တရားရုံးက ကြေညာခဲ့တာကြောင့် အခုလို ဆန္ဒပြပွဲတွေ တစ်ကျော့ပြန် ဖြစ်ပွားလာရတာလည်း ဖြစ်ပါတယ်။

 

“အစိုးရရဲ့ တာဝန်တစ်ရပ်ဖြစ်တဲ့ အယူခံဌာနခွဲရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်တို့ အကောင်အထည် ဖော်ခဲ့ပါပြီ။ အခုဆိုရင် ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်တွေ ပြည့်ဝသွားပါပြီ” လို့ ဥပဒေရေးရာ ဝန်ကြီး အနီဆယ်ဟက် (Anisul Huq)က သတင်းထောက်တွေကို ဒီကနေ့ ဇူလိုင် ၂၄ ရက် ဗုဒ္ဓဟူးနေ့မှာ  ပြောပါတယ်။

 

ဒါ့အပြင် ခွဲတမ်းပြုပြင်ပြောင်းလဲရေး ဆန္ဒပြပွဲတွေအတွင်း အကြမ်းဖက်မှု ကျူးလွန်သူတွေကို ဖော်ထုတ်နိုင်ဖို့ အစိုးရက တရားစီရင်ရေးအတွက် စုံစမ်းရေးကော်မတီ ဖွဲ့စည်းလိုက်ပြီး တည်ဆဲဥပဒေအတိုင်း အပြစ်ပေးအရေးယူသွားမှာ ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

 

အစိုးရဟာ ကျောင်းသားတွေအတွက် ဆေးဝါးကုသမှုတွေနဲ့ လုံခြုံရေးတွေကိုလည်း အာမခံပေးမှာဖြစ်ပြီး ပညာရေးဘက်မှာ အယုံသွင်းအားပေးအားမြှောက်လုပ်နေတဲ့ ကိစ္စတွေကိုလည်း ပုံမှန်အတိုင်းဖြစ်အောင် ပြန်လည်လုပ်ဆောင်နေတယ်လို့လည်း သူက ဖြည့်စွက်ပြောပါတယ်။

 

အကယ်၍ အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေပါက အစိုးရအနေနဲ့ အရေးယူဆောင်ရွက်သွားမှာဖြစ်ပြီး ညမထွက်ရအမိန့်ကိုလည်း ဖြည်းဖြည်းချင်းပြန်လည်ရုတ်သိမ်းသွားမယ်လို့လည်း သူက ထပ်ပြောပါတယ်။

 

 

ဓာတ်ပုံ – Rubel Karmaker/ZUMA Press Wire/dpa

 

ပုံစာ – ဇူလိုင် ၁၈ ရက်နေ့က ကျောင်းသားများ ဆန္ဒပြခဲ့တဲ့ မြင်ကွင်း

 

ကိုးကား – Dhaka Tribune