‘အညာမြေတပ်ပေါင်းစု’ ဘယ်လိုဖြစ်တည်လာသလဲ၊ ဘယ်လိုရပ်တည်နေလဲ?

Author မင်းထက်
Categories
Published on Jul 24, 2024

ဘယ်အဖွဲ့အစည်းရဲ့ ထောက်ပံ့မှုမှမရဘဲ ကိုယ်ထူးကိုယ်ချွန်ပြီး ပြည်သူ့အားနဲ့ စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေကြသူတွေကို ပြပါဆိုရင် အညာဒေသက LPDF လို့ ခေါ်ကြတဲ့ ဒေသတွင်းကာကွယ်ရေးတပ်စုလေးတွေပြရပါမယ်။ သူတို့မှာ နာမည်အမျိုးမျိုးရှိကြပေမဲ့ လူငယ်လူရွယ်တွေနဲ့ ဖွဲ့စည်းထားကြတာဖြစ်ပါတယ်။ အခုတော့ မကွေးတိုင်း၊ မြိုင်နဲ့ ပေါက်တို့အခြေပြုထားတဲ့ LPDF လေးခုကို သူတို့ဘာသူတို့ စုစည်းလိုက်ကြပါတယ်။ ‘အညာမြေတပ်ပေါင်းစု’ လို့ ကင်ပွန်းတပ်ပြီး စစ်အာဏာရှင်ကို စုစုစည်းစည်းတွန်းလှန်ကြတော့မှာပါ။ အဲဒီအဖွဲ့အကြောင်း CJ Platform ရဲ့ အညာဒေသ သတင်းထောက်က တာဝန်ရှိသူတွေကိုတွေ့ဆုံမေးမြန်းထားချက်များအား ကောက်နုတ်ဖော်ပြအပ်တယ်။

****************************************

 

အခုဖွဲ့စည်းလိုက်တဲ့အဖွဲ့တွေကတော့ Myaing Underground Defense Force-MUGDF ၊ James Bond၊ သစ္စာဒေါင်းနီ-TSDNG နဲ့ ဇာမဏီတပ်ဖွဲ့တို့ဖြစ်ပါတယ်။

 

“အခုလိုပေါင်းစည်းတဲ့အချိန်မှာတော့ အဲဒီအခက်အခဲတွေက ကျော်လွှားပြီးသားဖြစ်သွားပြီးတော့ ယခင်ထက်ပိုမိုအားကောင်းတဲ့အဖွဲ့အစည်းတစ်ခုဖြစ်လာတာပေါ့။”

 

သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ကိုဘိုဘိုသန့်ဇင်

 

တပ်ပေါင်းစုအနေနဲ့ ဖွဲ့စည်းလိုက်တဲ့ရည်ရွယ်ချက်က ပိုမိုကောင်းမွန်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါပဲ။ ကျွန်တော်တို့ ပြန့်ကြဲနေတဲ့ Local တွေ တစ်စုတစ်စည်းတည်းဖြစ်သွားအောင်ဆိုတဲ့ ကနဦးရည်ရွယ်ချက်ပေါ့။ အဲဒါကြောင့်ပဲ တပ်ပေါင်းစုကို စတင်ပြီး ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။ တပ်ပေါင်းစုအဖြစ် မဖွဲ့စည်းခင်တုန်းကတော့ တစ်ဖွဲ့နဲ့ တစ်ဖွဲ့က အချင်းချင်းတိုက်ခိုက်နေတာမဟုတ်ပေမဲ့ အဖွဲ့တွေပြန့်နေတဲ့အခါမှာ Mission ဖော်ဆောင်တဲ့အခါမှာ အခက်အခဲတွေ ဖြစ်ပေါ်စေတာပေါ့။ လက်နက်အင်အား၊ လူအင်အားကအစ နယ်မြေဖြတ်ကျော်မှုတွေမှာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြားမှာ အခက်အခဲလေးတွေရှိတာပေါ့။ အခုလိုပေါင်းစည်းတဲ့အချိန်မှာတော့ အဲဒီအခက်အခဲတွေက ကျော်လွှားပြီးသားဖြစ်သွားပြီးတော့ ယခင်ထက်ပိုမိုအားကောင်းတဲ့အဖွဲ့အစည်းတစ်ခုဖြစ်လာတာပေါ့။

 

ခုလိုပေါင်းစပ်ပြီးနောက် စောနက ပြောတဲ့အခက်အခဲတွေမရှိတော့ဘူး။ နောက်အခက်အခဲက ဘာရှိမလဲဆိုတော့ အရင်ကတည်းက ရှိနေတာပေါ့နော်။ ၀င်ငွေစီးဆင်းမှုအပိုင်း၊ ၀င်ငွေရရှိမှု အပိုင်းလို့ပြောရမှာပေါ့။ အဲဒီတစ်ခုပဲ။ အဓိက အဟန့်အတားဖြစ်တာပေါ့။ အဲဒီအဟန့်အတားကိုပဲ ပူးပေါင်းပြီးတော့ ဖြေရှင်းနိုင်အောင်ဆိုပြီး တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပေါင်းစည်းလိုက်တာ။ အဲဒါကလည်း အကြောင်းတစ်ခုပါလာတာပေါ့နော်။

 

ငွေကြေးစီးဆင်းမှုကတော့ ယခင်ကလည်း နည်းပါးတယ်။ ကျွန်တော်တို့ဒေသတွေက အဲဒါကိုပဲ တစ်ခုနဲ့တစ်ခု ဘယ်လိုရင်ဆိုင်ကြမလဲ၊ ဘယ်လိုဖြေရှင်းကြမလဲဆိုပြီးတော့ ပေါင်းစည်းလိုက်တာပေါ့။ အခုတော့ တခြား တစ်ယောက်နဲ့ တစ်ခြားအခက်အခဲတွေ၊ တိုက်ခိုက်ရေးတွေ တစ်ယောက်နဲ့ တစ်ယောက်ကြားက ဆက်ဆံရေးကတော့ အရင်တုန်းကထက် အများကြီး ပိုပြီးချောချောမွေ့မွေ့ဖြစ်လာတာပေါ့။

 

နောက်ထပ်ပေါင်းစည်းဖို့ကမ်းလှမ်းထားတဲ့အဖွဲ့တွေကိုလည်း ကျွန်တော်တို့ရဲ့ မူ၀ါဒတွေ၊ စည်းစနစ်တွေကို သူတို့ကိုပြောပြထားပါတယ်။ သူတို့အနေနဲ့ လေ့လာစောင့်ကြည့်ဆဲပေါ့။ နောက်ထပ်ပူးပေါင်းဖို့ကမ်းလှမ်းထားတဲ့ အဖွဲ့ကလည်း ခုထိတော့ နှစ်ဖွဲ့ရှိပါတယ်။ အဲဒီနှစ်ဖွဲ့ရော ၀င်လာမယ်ဆို ကျွန်တော်တို့ဒေသမှာတော့ ပိုမိုခိုင်မာတဲ့အဖွဲ့အဖြစ် အဖွဲ့၀င်ခြောက်ဖွဲ့ဖြစ်သွားမှာပေါ့။

****************************************

 

 

“တစ်စုတစ်စည်းတည်း ပိုပြီးခိုင်မာအောင်၊ ပိုပြီးကျစ်လစ်အောင် ပိုပြီးစုစည်းပြီးတော့၊ ပိုပြီးစည်းလုံးအောင်၊ ပိုပြီးကောင်းမွန်တဲ့ အရပ်တစ်ခုဖြစ်အောင် တည်ဆောက်မယ်လို့ရည်ရွယ်ထားပါတယ်။”

 

ဇာမဏီပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ

 

ကျွန်တော်တို့က ၁၂ ရက်နေ့ကဖွဲ့စည်းလိုက်တယ် ဆိုပေမဲ့လည်း ဇူလိုင် ၁၂ ရက်နေ့က မီဒီယာတွေကို အသိပေးလိုက်တဲ့သဘောပေါ့နော်။ ​မြေပြင်မှာတော့ လွန်ခဲ့တဲ့ နှစ်လကတည်းက မဟာမိတ်အဖြစ် ပူးပေါင်းပြီး နှစ်လအတွင်းမှာ Mission ခြောက်ခုလောက်ဖော်ဆောင်ခဲ့တယ်။ လက်နက်မျှဝေမှုအပိုင်းကတော့ Mission အပေါ်မူတည်ပြီးဆုံးဖြတ်တယ်။ တချို့ပွဲသေးရင်သေးသလို ပွဲကြီးရင်ကြီးသလို တစ်ဖွဲ့ကို အနည်းဆုံး ကျည်ငါးဆယ်၊ လက်နက်အင်အား ငါးလက်ခြောက်လက် အနည်းဆုံးကနေ ဆယ်လက်၊ ၁၂ လက်လောက်ထိပါ၀င်ကြရတာပေါ့။

 

လက်နက်လိုအပ်ချက်က အမြဲလိုရှိနေပါတယ်။ ဘာလို့ဆို ကျွန်တော်တို့က Local တွေ ဖြစ်နေတဲ့အတွက် အဖွဲ့စည်းကြီးကြီးမားမားသော်လည်းကောင်း NUG က ထောက်ပံ့ငွေရရှိတာ မရှိတော့လေ။ ဒေသကိုအခြေပြုပြီး ဒေသခံတွေကနေရရှိတဲ့ ၀င်ငွေနဲ့လည်ပတ်နေရတာဆိုတော့ လက်နက်အင်အား ကျည်ခဲယမ်းလိုအပ်ချက်က အမြဲတမ်းရှိပါတယ်ဗျ။ ရှေ့ဆက်ပြီး ဒီထက်ပိုမိုခိုင်မာအားကောင်းအောင်ဖွဲ့စည်းမယ်။

 

ကျွန်တော်တို့ချမှတ်ထားတဲ့ မူ၀ါတွေဆိုတာကတော့ ကျွန်တော်တို့က NUG အောက်မှာ ရှိနေတာမဟုတ်ပေမဲ့ NUG ရဲ့လမ်းညွှန်ချက်တွေကို သွေဖယ်မသွားဘဲနဲ့ အဲဒီလမ်းညွှန်ချက်တွေအတိုင်းပဲ ဆက်လက်အကောင်အထည်ဖော်သွားပြီး အချင်းချင်းကြားမှာ ဒီထက်ပိုပြီး ညီညွတ်အောင် နယ်မြေဒေသခံ ရပ်ရွာလူထုကို ဒီထက်ပို ကာကွယ်ပေးနိုင်အောင် အဲဒီလိုမျိုးရည်ရွယ်ချက်တွေနဲ့ ရှေ့ဆက်ပြီး ကျွန်တော်တို့က သွားမှာပါ။

 

NUG/MoD အောက်မှာ တာ၀န်ထမ်းဆောင်ဖို့ ကျွန်တော်တို့ကို ကမ်းလှမ်းတာရှိပါတယ်။ ဗဟိုက တိုက်ရိုက်ကမ်းလှမ်းတာမျိုးမတွေ့ရသေးပါဘူး။ မြို့နယ် ပကဖတွေကနေတစ်ဆင့် ကမ်းလှမ်းတာမျိုးပါ။ ကျွန်တော်တို့မှာလည်း တပ်စုတစ်စုစာ ရှိပါတယ်။ အခုချိန်မှာ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်နဲ့ နယ်မြေအနေအထားအရ NUG ရဲ့လက်အောက်မှာ မ၀င်သေးဘူးလို့ပဲ ဆုံးဖြတ်ထားပါတယ်။ မဝေးတော့တဲ့ကာလမှာတော့ သူတို့ရဲ့လက်အောက်မှာ တာ၀န်ထမ်းဆောင်ဖို့ ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ အခုတော့ ကျွန်တော်တို့ Local အနေနဲ့ သီးခြားရပ်တည်မယ်လို့ ဆုံးဖြတ်ထားပါတယ်။

 

စတင်ဖွဲ့စည်း​ကြောင်း လွန်ခဲ့တဲ့ နှစ်လက စစ်ရေးလေ့ကျင့်မှုတွေအဖြစ် ကျွန်တော်တို့ လေးပတ်ပေးခဲ့ပါတယ်။ အခုလည်း ဒီလကုန်ပိုင်းလောက် မွမ်းမံသင်တန်းပေးဖို့ အစီအစဥ်လုပ်ထားပါတယ်။

 

ကျွန်တော်တို့ကတော့ ဒီထက်ပိုမိုကောင်းမွန်တဲ့အဖွဲ့တစ်ခုဖြစ်ဖို့ပဲ အားကျိုးမာန်တက် ရဲဘော်တွေကစလို့ တာ၀န်ရှိတဲ့ ကျွန်တော်တို့လူကြီးတွေကစလို့ တစ်စုတစ်စည်းတည်း ပိုပြီးခိုင်မာအောင်၊ ပိုပြီးကျစ်လစ်အောင် ပိုပြီးစုစည်းပြီးတော့၊ ပိုပြီးစည်းလုံးအောင်၊ ပိုပြီးကောင်းမွန်တဲ့ အရပ်တစ်ခုဖြစ်အောင် တည်ဆောက်မယ်လို့ရည်ရွယ်ထားပါတယ်။

 

NUG အထက်ပိုင်း တာ၀န်ရှိသူတွေကိုတော့ ထွေထွေထူးထူးပြောစရာမရှိပါဘူး။ သူတို့မှာလည်း သူတို့အခက်အခဲတွေနဲ့ သူတို့က ကျွန်တော်တို့ထက် ပိုပြီး ဖော်ဆောင်နေရတဲ့သူတွေကို ထောက်ပံ့နေရတာဖြစ်တဲ့အတွက် ကျွန်တော်တို့ဘက်ကို ပြန်မကြည့်နိုင်တာကို ကျွန်တော်တို့အနေနဲ့ စောဒကတက်စရာလည်း မရှိသလို သူတို့ဆီက ရကောင်းပါစေလို့ စိတ်လည်းမထားပါဘူး။ ကျွန်တော်တို့လုပ်နိုင်သမျှနဲ့ သူတို့ရဲ့ မူ၀ါဒတွေနဲ့ မကင်းလွတ်အောင် ကျွန်တော်တို့မြေပြင်မှာ လုပ်နိုင်သမျှနဲ့ တစ်ထောင့်တစ်နေရာကနေ ပါ၀င်ခွင့်ရတယ်ဆိုရင်ပဲ ကျွန်တော်တို့ရဲ့ပါ၀င်မှုအတွက် ကျွန်တော်တို့ ဂုဏ်ယူနေပါတယ်။

 

ဓာတ်ပုံ -အညာမြေတပ်ပေါင်းစု

 

Related News

Depend on news