မန္တလေးမှာ KTV မီးလောင်

Author အညာသား
Categories
Published on Jun 24, 2024

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ၃၈ လမ်း၊ ၅၂ လမ်းနဲ့ ၅၃ လမ်းကြားရှိ ICON KTV ဆိုင်မှာ ဒီနေ့ ဇွန် ၂၄ ရက် မနက်ပိုင်းက ဝါယာကြိုးအပူလွန်ကဲရာကနေ မီးလောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့တယ်လို့ အဲဒီမြို့နယ်မီးသတ်တပ်ဖွဲ့နဲ့ နီးစပ်သူထံမှ သိရပါတယ်။

 

ဒီနေ့မနက် ၇ နာရီကျော်တုန်းက ICON KTV စားသောက်ဆိုင်ရှိ အခန်းနံပါတ် ၁၁၀ ရဲ့ မျက်နှာကြက်မှာ သွယ်တန်းထားတဲ့ ဝါယာကြိုးအပူလွန်ကဲရာကနေ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး အချိန်အနည်းငယ်အတွင်း မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

“မီးလောင်တာကြောင့် အခန်းတွင်း မျက်နှာကြက်နဲ့ ဘေးအကာအထပ်သား ဝါယာကြိုးအနည်းငယ်လောက်ပဲ ပျက်စီးခဲ့တာပါ။ လူထိခိုက်မှုလည်း မရှိပါဘူး” လို့ မီးသတ်တပ်ဖွဲနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

 

မီးလောင်မှုဖြစ်စဉ်နဲ့ပတ်သက်လို့ ICON KTV စားသောက်ဆိုင် မန်နေဂျာကို (ပ)၁၇၂/၂၀၂၄၊ ပုဒ်မ(၂၈၅)နဲ့ အမှတ်(၉)မြို့မရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဇွန် ၂၁ ရက်၊ ည ၉ နာရီခွဲကျော်တုန်းကလည်း ချမ်းအေးသာစံမြို့နယ် ကံကောက်အရှေ့ရပ်ကွက် ၃၂ လမ်းနဲ့ ၃၃ လမ်းကြား အရှေ့မြို့ပတ်လမ်းပေါ်က ရွှေပြည်သာဟိုတယ်မှာ မီးစက်နှိုးထားရာက ဒိုင်နမိုမိန်းခုံ ရှော့ဖြစ်ပြီး မီးလောင်မှုဖြစ်ပေါ်ခဲ့ပါတယ်။

 

အလားတူ ပြီးခဲ့တဲ့ မေ၃၁ ရက်က ချမ်းအေးသာစံမြို့နယ် (၈၁)လမ်းနဲ့ (၈၂)လမ်းကြား (၃၂)လမ်းနဲ့ (၃၃)လမ်းကြားရှိ လျှပ်စစ်နဲ့ မီးဖိုချောင်သုံးပစ္စည်းအရောင်းဆိုင်မှာ ဂက်စ်အိုးဖလှယ်ရာကနေ ယိုစိမ့်မှုဖြစ်ပေါ်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာက လူ ၁၆ ဦး ဒဏ်ရာရသလို အဲဒီထဲက မီးသတ်တပ်ဖွဲ့ဝင်အပါအဝင် ခြောက်ဦးသေဆုံးတဲ့အထိဖြစ်ပေါ်ခဲ့ရပါတယ်။

 

ဓာတ်ပုံ – Than Htay