NUG က ကျေးရွာမီးလင်းရေး လုပ်ဆောင်မှုကိုသိရှိပြီးနောက် စစ်ကိုင်းက မြို့နယ် ရှစ်ခုမှာ စစ်ကောင်စီလျှပ်စစ်မီးဖြတ်

Author မင်းထက်
Categories
Published on Jun 24, 2024

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လျှပ်စစ်ဌာနက ကျေးရွာမီးလင်းရေး လုပ်ဆောင်မှုကို သိရှိပြီးနောက် စစ်ကောင်စီဟာ စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် ရှစ်ခုကို လျှပ်စစ်မီးဖြတ်တောက်ထားတယ်လို့  ရေဦးမြို့နယ်အခြေပြု People’s Defense Comrade မှ ပြန်ကြားရေးတာဝန်ခံက CJ Platform သို့ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းရှိ ရေဦး၊ ခင်ဦး၊ တန့်ဆည်၊ ကျွန်းလှနဲ့ ကန့်ဘလူမြို့နယ်တွေကို မေလ ၁၃ ရက်ကတည်းက လျှပ်စစ်မီး ဖြတ်တောက်ထားပြီးနောက် ဒီပဲယင်း၊ ဘုတလင်နဲ့ ကနီမြို့နယ်တို့ကို ဇွန်လ ၁၄ ရက်ကစပြီး စစ်ကောင်စီက လျှပ်စစ်မီး လုံးဝဖြတ်တောက်ထားတယ်လို့ ၎င်းက ဆိုပါတယ်။

 

“စစ်ရေးလှုပ်ရှားမှုက လက်ရှိငြိမ်ပါတယ်။ စစ်ရေးကြောင့်တော့မဟုတ်ဘူး။ စစ်ကောင်စီက သက်သက်  ပြည်သူတွေ ဒီထက်ပို အကျပ်အတည်းဖြစ်စေအောင် ဖြတ်တောက်ပစ်လိုက်တာပါ” လို့ ပြန်ကြားရေး တာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က CJ Platform ကိုပြောပါတယ်။

ဒါဟာ NUG လျှပ်စစ်ဝန်ကြီးဌာနရဲ့ မီးလင်းရေးအစီအစဉ်ကို သတင်းဖြန့်ဝေနေမှုကြောင့်လည်း ပါဝင်တယ်လို့ ၎င်းက ပြောပါတယ်။

 

“ဘယ်မြို့နယ်အတွင်းက ကျေးရွာတွေကတော့ NUG လျှပ်စစ်ဌာနကနေ ဘယ်လိုမီးလင်းအောင်လုပ်ဆောင်နေပါပြီ။ မီးတွေ ဘယ်ကျေးရွာတွေမှာရရှိနေပါပြီဆိုပြီး မြို့နယ်တိုင်းနီးပါးမှာ NUG ရဲ့ လျှပ်စစ်ဝန်ကြီးဌာနအောက်မှာ လုပ်ကိုင်နေသူတွေက လူမှုကွန်ရက်တွေမှာ လိုက်လံပြောဆိုနေတာကို စစ်​ကောင်စီကတွေ့မြင်ပြီး ဖြတ်တောက်ပစ်တာလည်းပါတယ်” လို့ သူက ဆက်ပြောပါတယ်။

 

သို့သော် အညာဒေသမှာ ယခင်ကတည်းက ကိုယ်ထူကိုယ်ထ ကျေးရွာမီးလင်းရေး လုပ်ဆောင်ထားမှုကနေ မီးရနေတဲ့ ရွာတွေလည်း ရှိနေတာပါ။

 

အခုလို လျှပ်စစ်မီးမရရှိမှုကြောင့် ပြည်သူလူထုဟာ ဖုန်းအားသွင်းဖို့၊ ရေတင်ဖို့၊ ထမင်းဟင်းချက်ဖို့ကအစ အခက်အခဲဖြစ်နေကြတယ်လို့ အဲဒီက ဒေသခံတွေထံမှ သိရပါတယ်။

 

လျှပ်စစ်မီးလိုင်းတွေကို စစ်ကောင်စီက ဖြတ်တောက်ပစ်လိုက်တာကြောင့် လျှပ်စစ်မီးနဲ့ အလုပ်လုပ်ရတဲ့ လုပ်ငန်းတွေ အခက်အခဲဖြစ်စေသလို သောက်ရေသုံးရေ ရရှိဖို့အတွက်လည်း ခက်ခဲကျပ်တည်း နေကြရတယ်လို့ ဆိုပါတယ်။

 

“မီးဖြတ်ထားတာကြာပြီ။ အခုတော့ တတ်နိုင်တဲ့သူတွေက ဘက်ထရီအိုးတွေ၊ အင်ဗာတာတွေ ၀ယ်ရတယ်။ ဆိုလာတွေလည်း၀ယ်သုံးကြရတာပေါ့။ မရှိလို့လည်းမရဘူးလေ။ ဖုန်းအားသွင်းတာကအစ ဆေးဖြန်းပုံးတွေကလည်း အားသွင်းရဖို့ လိုတယ်လေ” လို့ ရေဦးမြို့နယ်ဒေသခံတစ်ဦးက ပြောပါတယ်။

 

လတ်တလော အဲဒီဒေသတွေမှာ လျှပ်စစ်မီးပြတ်တောက်နေတာကြောင့် ဒေသခံတွေဟာ သောက်ရေ၊ သုံးရေတွေအတွက် မိုးရေနဲ့ လက်ယက်တွင်းတွေကိုပဲ အဓိက အားထားအသုံးပြုနေရတယ်လို့ ဆိုပါတယ်။

 

စစ်ကောင်စီဟာ  စစ်ကိုင်းတိုင်းအတွင်း ဖုန်းလိုင်းဖြတ်တောက်တာ၊ လိုင်းအားလျော့ချတာ၊ အင်တာနက်လိုင်းတွေကိုပါ ဖြတ်တောက်ထားရုံတင်မကဘဲ လျှပ်စစ်မီးလိုင်းတွေကိုပါ ဖြတ်တောက်နေပြီဖြစ်ပါတယ်။

 

ဓာတ်ပုံ – ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး

 

ပုံစာ – ယခုနှစ် မေ ၁၁ ရက်နေ့တွင် NUG လျှပ်စစ်ဝန်ကြီးဌာနက ထရန်စဖော်မာသစ် အစားထိုးလဲလှယ် တပ်ဆင်ခြင်းဖွင့်ပွဲ (အသိအမှတ်ပြု)အခမ်းအနားကျင်းပခဲ့စဉ်