မလေးရှားမှာ တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေအပါဝင် နိုင်ငံခြားသား ၂၂၈ ဦး ဖမ်းဆီးခံရ

Author ဆလိုင်း
Categories
Published on May 24, 2024

မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ် စီနိုင်းမြို့မှာ တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့  မြန်မာနိုင်ငံသားတွေ အပါဝင် နိုင်ငံခြားသား ၂၂၈ ဦး ဖမ်းဆီးခံရတယ် ချင်းအမျိုးသား တစ်ဦးဆီက သိရပါတယ်။

 

မနေ့ မေလ ၂၃ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်က စီးနိုင်းမြို့မှာ တရားမဝင် နိုင်ငံခြားသားတွေ အလုပ်လုပ်ကိုင်နေတဲ့ စက်ရုံမှာ မလေးရှား လူမှုဝင်မှုကြီးကြပ်ရေးအဖွဲ့က ရှောင်တခွင်ဝင်ရောက် စီးနင်းဖမ်းဆီးရာ နိုင်ငံခြားသား အများပြား ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။

 

အဲဒီ ဖမ်းဆီးခံရတဲ့အထဲမှာ မြန်မာနိုင်ငံသား အယောက် (၁၀၀) နီးပါး ပါဝင်နေတယ်လို့ မလေးရှားရောက် ချင်းအမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“မနေ့က စက်ရုံမှာ အော်ပရာစီ(လဝက) ဝင်စီးသွားတာပါ။ စက်ရုံထဲမှာ တရားမဝင် အလုပ်လုပ်နေတဲ့ နိုင်ငံခြားသား (၂၀၀) ကျော် ဖမ်းဆီးခံရတယ်။ ကျွန်တော်တို့ မြန်မာနိုင်သားတွေလည်း အများကြီးပါ။ အခုမှ ရောက်လာတဲ့ လူသစ်တွေလည်း ပါသွားတယ်။”လို့ သူက ပြောပါတယ်။

 

အဖမ်းခံရတဲ့ထဲမှာ မြန်မာနိုင်ငံသား အမျိုးသမီး/အမျိုးသား (၉၂) ဦးနဲ့ ပါကင်စတန်၊ ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေရှ်၊ နီပေါနိုင်ငံသား အမျိုးသမီး/အမျိုးသား (၁၃၆) ဦး စုစုပေါင်း (၂၂၈)ဦးတို့ သိရပါတယ်။

 

သူတို့တွေကို မလေးရှားနိုင်ငံ လူဝင်မှုကြီးရေးအဖွဲ့က တရားမဝင်နေထိုင်မှု ဥပဒေ ပုဒ်မ (၁) (ဂ)၊ ပါမစ် ရက်လွန်နေထိုင်မူ ပုဒ်မ (၁၅) (၁)(ဂ) တို့နဲ့ တရားစွဲ အရေးယူသွားမယ်လို့ သိရပါတယ်။

 

လက်ရှိမှာ မလေးရှားအစိုးရက အကြောင်းအမျိုးမျိုးကြောင့် မလေးရှားနိုင်ငံကို တရားမဝင်နေထိုင်သူတွေ မိမိနိုင်ငံသို့ တရားဝင် ဒဏ်ကြေးငွေပေးဆောင်ပြီး ပြန်နိုင်ရေးအတွက် ၂၀၂၄ ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ ခွင့်ပြုပေးထားပါတယ်။

 

စစ်တပ်အာဏာသိမ်းပြီးကာလနဲ့ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေ အတည်ပြုပြီးနောက် မြန်မာနိုင်ငံသား လူငယ်တွေဟာ မလေးရှားကို တရားမဝင် လမ်းကြောင်းကနေ ဝင်ရောက်လာတာ တစ်ရက်ထက်တစ်ရက် ပိုများလာတယ်လို့ မလေးရှားက မြန်မာလူမှုကူညီရေးအသင်းအဖွဲ့တွေဆီကနေ သိရပါတယ်။

 

“စစ်တပ်အာဏာသိမ်းတော့ မလေးရှားကို လူငယ်အတော်များ ရောက်လာကြတယ်။ မလေးရှားမှာလည်း အဖမ်းဆီးများတော့ တစ်နှစ်ကျော်လောက်က ဝင်လာတာ နည်းနည်းလျော့သွားတယ်။ ပြီးခဲ့တဲ့လက စစ်တပ်က စစ်မှုထမ်းဥပဒေအတည်ပြုပြီးနောက် လူငယ်တွေ မလေးရှားရောက်လာတာ တစ်ရက်ထက်တစ်ရက်ပိုများလာပြန်တာ တွေ့ရပါတယ်။ အခုဆို မလေးရှားမှာ အဖမ်းဆီးတွေလည်းများ အလုပ်အကိုင်တွေကလည်း ရှားပါးလာတယ်။”လို့ သူက ဆက်ဆိုပါတယ်။

 

အခု ရက်ပိုင်းအတွင်း မလေးရှားနိုင်ငံအနှံရှိ မြို့တွေမှာ မလေးရှား လူဝင်မှုကြီးကြပ်ရေးအဖွဲ့(လဝက)အဖွဲ့ရဲ့ အဖမ်းဆီးမှုတွေ ပိုများလာတာကြောင့် အကြောင်းအမျိုးမျိုးကြောင်း မလေးရှားကို ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ အသွားလာ ဂရုစိုက်ဖို့ တိုက်တွန်းထားပါတယ်။

 

ဓာတ်ပုံ – CJ