ရခိုင်မြေမှာ ပထမဆုံးပြုလုပ်တဲ့ AA ရဲ့ အရာရှိသင်တန်း ဆင်း

Author ကိုထားဝယ်
Categories
Published on May 24, 2024

ရခိုင်ပြည်မြောက်ပိုင်းတခွင် သိမ်းပိုက်လုနီးပါးတိုက်ခိုက်ထားနိုင်သော အာရက္ခတပ်တော်(AA)ရဲ့ ရခိုင်မြေမှာ ပထမဆုံးပြုလုပ်တဲ့ အရာရှိသင်တန်း အမှတ်စဉ် ၃ သင်တန်းဆင်းပွဲကို ဒီနှစ် မေလ ၂၀ ရက်နေ့က ကျင်းပပြုလုပ်နိုင်ခဲ့တယ်လို့ မနေ့ မေလ ၂၃ ရက်က ထုတ်ပြန်ပါတယ်။

 

အနာဂတ်အာရက္ခတပ်တော်ကို ဦးစီးဦးဆောင်ပြုနိုင်တဲ့ စစ်ဘက်ဆိုင်ရာခေါင်းဆောင်များ ပေါ်ထွန်းလာရေး၊ ရခိုင်ဒေသနဲ့ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်နိုင်ရေး စတဲ့ စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်တွေနဲ့အတူ AA စစ်ရုံးချုပ်က ဦးဆောင်ကျင်းပခဲ့တာလို့ ဆိုပါတယ်။

အခု အမှတ်စဉ်(၃)ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်က စတင်ခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ(၁၉)ရက်မှာ အမျိုးသမီးများပါဝင်တဲ့ သင်တန်းသား/သူ ၃၂၆ ဦးကို ‘အရာရှိလောင်း’အဖြစ် အသိအမှတ်ပြုအခမ်းအနားကို ပြုလုပ်ခဲ့ပြီးနောက် ၁၁ လခန့်အကြာမှ သင်တန်းဆင်းနိုင်ခဲ့တာလို့ ဆိုပါတယ်။ သင်တန်းကာလဟာ ၁ နှစ်နဲ့ ၇ လ ကြာမြင့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

အပတ်စဉ် ၁ နဲ့ ၂ သင်တန်းတွေကို AA စတင်ဖွဲ့စည်းခဲ့ရာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ရဲ့ ကချင်ပြည်မှာ လေ့ကျင့်သင်ကြားပေးခဲ့တာဖြစ်ပြီး အခုအပတ်စဉ်မှသာ ရခိုင်မြေမှာ ပထမဆုံးပြုလုပ်နိုင်ခဲ့တာဖြစ်တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

နောက်ထပ် သင်တန်းအမှတ်စဉ် ၄ နဲ့ အခြေခံစစ်ပညာသင်တန်းတွေကိုလည်း ဖွင့်လှစ်ဖို့ စီစဉ်ထားပြီး ဖွင့်လှစ်မယ့်အချိန်ကို ထပ်မံအသိပေးသွားမယ်လို့ AA က ဆိုပါတယ်။ ရခိုင်ဒေသအတွင်း နေထိုင်တဲ့ လူငယ်၊ လူရွယ်တွေအနေနဲ့ အမျိုးသားရေးအသိ၊ မွေးရာပါအသိစိတ်ဓာတ်တွေနဲ့ သမိုင်းပေးတာဝန်ကို လူတိုင်းထမ်းဆောင်ကြရမယ်လို့ AA က ထုတ်ပြန်ပြောဆိုပါတယ်။

 

AA ရဲ့ ပထမဆုံးအရာရှိလောင်းလေ့ကျင့်ရေးသင်တန်းကျောင်းကို တပ်ဖွဲ့တည်ထောင်ပြီး (၉) နှစ်မြောက် အာရက္ခတပ်တော်နေ့ဖြစ်တဲ့ ၂၀၁၈ ခုနှစ်၊ ဧပြီလ (၁၀) ရက်မှာ တပ်တော်နေ့အခမ်းအနားနဲ့အတူ ကချင်ပြည်မှာ သင်တန်းသူ/သား ၁၃၈ ဦးနဲ့ စတင်ဖွင့်လှစ်နိုင်ခဲ့သလို အမှတ်စဉ်(၂)ကိုလည်း ကချင်မြေမှာပဲ ဖွင့်လှစ်ခဲ့ပါတယ်။

 

AA ဟာ ၂၀ဝ၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့ကစလို့ လက်နက်ကိုင်အဖွဲ့တစ်ခုအဖြစ် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ရဲ့ အကူအညီနဲ့ ကချင်ပြည်မှာ ရခိုင်လူငယ် ၂၆ ယောက်နဲ့ စတင်တည်ထောင်ခဲ့ပါတယ်။

 

ဓာတ်ပုံ – AA Info Desk

 

ပုံစာ – အာရက္ခမြေပေါ်တွင် ပထမဆုံးကျင်းပပြုလုပ်တဲ့ AA ရဲ့ အရာရှိလေ့ကျင့်ရေးသင်တန်း၊ အမှတ်စဉ် (၃) သင်တန်းဆင်းပွဲပုံရိပ်များ