ကမ္ဘာ့အပူဆုံး ၁၅ မြို့အတွင်း ချောက်နှင့် ညောင်ဦးမြို့တို့ပါဝင်၊ အပူဒဏ်ကြောင့် လူသေဆုံးမှုနှင့် ကျန်းမာရေး ထိခိုက်မှုများရှိလာ

Published on Apr 24, 2024

ကမ္ဘာ့အပူဆုံး ၁၅ မြို့ စာရင်းတွင် မြန်မာနိုင်ငံမှ ချောက်နှင့် ညောင်ဦးမြို့တို့ ပါ၀င်နေပြီး အပူဒဏ်ကြောင့် လူသေဆုံးမှုနှင့် ကျန်းမာရေးကိစ္စများ ထိခိုက်မှုရှိလာကြောင်း သိရသည်။

 

ကမ္ဘာ့အပူချိန်နှင့် မိုးရေချိန်ထုတ်ပြန်သည့် အယ်ဒိုရာဒိုး ဝက်ဘ်ဆိုက်မှ ယနေ့ ဧပြီ ၂၄ ရက်နေ့တွင် ကမ္ဘာ့အပူဆုံးထုတ်ပြန်ချက်စာရင်းတွင် မြန်မာနိုင်ငံမှ  ချောက်မြို့သည် ၄၅ ဒသမ ၉ ဒီဂရီဆဲလ်ဆီးယပ်ဖြင့် နံပါတ် ၃ နေရာတွင်လည်းကောင်း၊ ညောင်ဦးမြို့သည် ၄၄ ဒသမ ၇ ဒီဂရီဆဲလ်ဆီးယပ်ဖြင့် နံပါတ် ၉ တို့တွင် အသီးသီးရပ်တည်လျက်ရှိသည်။

 

လက်ရှိမြန်မာနိုင်ငံတွင် အပူဆုံးဒေသဖြစ်သော အညာဒေတွင် ရာသီဥတုပူပြင်းမှုဒဏ်ကြောင့် နှာစေး၊ ချောင်းဆိုးပြီး အသံ၀င်အသံပျက်ခြင်းများ ၊ ဖျားနားခြင်းများပါ ဖြစ်ပေါ်လျက်ရှိကြောင်း အညာဒေသခံများထံမှ သိရသည်။

 

ဧပြီ ၂၃ ရက်တွင် ဝန်းသိုမြို့မှ မန္တလေးမြို့သို့ ဆေးခန်းလာပြသော ဝန်းသိုမြို့မှ အသက် ၅၀ အရွယ်ခန့်အမျိုးသမီးတစ်ဦးသည် အပူချိန်ပြင်းထန်မှုကြောင့် မော်တော်ယာဉ်ပေါ်တွင် ဆီးချိုတက်ကာ သေဆုံးခဲ့ကြောင်း၊ ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းကလည်း မန္တလေးစျေးချိုအနီးတွင် စျေးဝယ်နေသော အမျိုးသမီးတစ်ဦး အပူချိန်ပြင်းထန်မှုကြောင့် ရုတ်တရက်လဲကျ သေဆုံးခဲ့ကြောင်း သိရသည်။

 

“အပူချိန်က ပိုပြီးပူလာတယ်။ အဓိက မိုးရွာချင်တာကို မရွာလို့ဖြစ်မယ်။ နယ်မြေမငြိမ်လို့  စစ်ရှောင်နေရတာလည်းကြာပြီဆိုတော့ အလုပ်ကိုင်လည်းရှားလာတယ်။ ရှိတဲ့အလုပ်လေးကပ်ပြီးလုပ်ရတာ။ ဒီလိုအပူရှိန်နဲ့ လုပ်ငန်းလုပ်ကိုင်ရတာလည်းအဆင်မပြေဘူး။ လုပ်ငန်းလည်း မတွင်ဘူး။ မိုးကောင်းကောင်းရွာမှပဲ အပူချိန်လျော့မယ်ထင်တယ်” ဟု စစ်ကိုင်းမြို့နယ်ရှိ စစ်ရှောင်ဒေသခံတစ်ဦးက ပြောသည်။

 

မိုဇလပညာရှင် ဦး၀င်နိုင်၏လူမှုကွန်ရက်တွင် ထုတ်ပြန်သတိပေးထားသော ရက်ဝေးကြိုတင်ခန့်မှန်းချက်အရ ယခုနှစ် မေလလယ်ခန့်အထိ နေ့.ညအပူချိန်များဆက်လက်မြင့်တက်နေမည်ဖြစ်ကြောင်း အနောက်ဘက်ကဝင်လာနိုင်သော မိုးတိမ်များကြောင့် ဒေသအချို့တွင် မိုးရွာနိုင်သော်လည်း မိုးတွင်းကဲ့သို့မိုးရွာမည်မဟုတ်ကြောင်း ၊ တိမ်များရွေ့လျားဝင်ရောက်ရာလမ်းတလျောက်တွင် ခေတ္တရွာပြီး တိမ်ထုအခြေအနေ၊ အပူချိန်နှင့် ရေခိုးရေငွေ့ပါဝင်မှုပေါ်မူတည်ကာ ခေတ္တမျှမိုးသည်းထန်နိုင်ခြင်းမျိုးရှိနိုင်ကြောင်း  ရေးသားထားသည်။

 

ယနေ့ ဧပြီ ၂၄ ရက် မွန်းလွဲပိုင်းက မန္တလေးနှင့်တောင်ကြီးမြို့တို့တွင်  မိုးရွာသွန်းခဲ့၍ အပူချိန်အနည်းငယ်လျော့ကျခဲ့ကြောင်း သိရသည်။

 

နောက် ၂ ရက်အတွင်း ခန့်မှန်းချက်အရ စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်း၊ ရှမ်းနှင့် ကယားပြည်တို့တွင် နေ့အပူချိန်များ အနည်းငယ်တိုးလာနိုင်ကြောင်း မိုးဇလပညာရှင် စုစုစံက ၎င်း၏ လူမှုစာမျက်နှာတွင် ရေးသားဖော်ပြထားသည်။