TNLA ထိန်းချုပ်ပြီး နှစ်လအတွင်း မိုင်းငေါ့ဒေသတွင် မူးယစ်ဆေးဝါး ၉၀ ရာခိုင်နှုန်းကင်းစင်ဟု အုပ်ချုပ်ရေးပိုင်းပြော

Author လင်းနွေဦး
Categories
Published on Apr 24, 2024

တအောင်းပြည်၊ တပ်မဟာ(၂) စစ်ဒေသရှိ မိုင်းငေါ့မြို့နယ်အတွင်း တအောင်း/ပလောင်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)ထိန်းချုပ်ပြီးနောက် ဒေသတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ ၉၀ ရာခိုင်နှုန်း ကင်းစင်နေပြီဖြစ်သည်ဟု ရပ်ကွက်အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူတစ်ဦးက တအောင်းဒေသအခြေပြုသတင်းမီဒီယာဖြစ်သည့် The Ta’ang Post ကို ပြောဆိုထားသည်။

 

တအောင်းတပ်မတော် TNLA ထိန်းချုပ်ပြီး နှစ်လတာကာလ မိုင်းငေါ့မြို့နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်သူနှင့် သုံးစွဲသူ ၉၀ ရာခိုင်နှုန်းကင်းစင်နေပြီဖြစ်ကြောင်း ဒေသတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ဆိုသည်။

 

“အခုတော့ မူးယစ်ဆေးဝါးနဲ့ပတ်သက်တာတွေ မကြားရတော့ဘူး။ မြို့ထဲမှာ သတင်းကြားတာနဲ့ TNLA ခေါ် ပြီး စစ်ဆေးမေးမြန်းပြီး ဖမ်းဆီးချုပ်နှောင်တာဆိုတော့ အရင်လိုမတွေ့ရတော့ဘူး” ဟု မြို့ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးက The Ta’ang Post သို့ ပြောသည်။

 

ယခင်က စစ်ကောင်စီ အုပ်ချုပ်ရေးစနစ်အောက်ကျရောက်နေခဲ့သည့် မိုင်းငေါ့မြို့နယ်တွင် ဘုရားပွဲနှင့် ရိုးရာဓလေ့ပွဲများကျင်းပပြုလုပ်သည့်အခါတိုင်းတွင် လောင်းကစားဝိုင်းများအပြင် မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲမှုများကိုပါ စည်စည်ကားကား ပြုလုပ်လေ့ရှိသည်ဟု ၎င်းအုပ်ချုပ်ရေးမှူး၏ ပြောကြားချက်အရ သိရသည်။

 

“အရင်တုန်းကဆို ပွဲတွေဘာတွေရှိရင် မူးယစ်ဆေးဝါးသုံးစွဲသူနဲ့ လောင်းကစားဝိုင်းတွေက မပါမဖြစ်၊ ပွဲစျေးတန်းလိုပဲ ပေါ်ပေါ်ထင်ထင် လုပ်နေကြတယ်။ ဘယ်သူမှ အရေးယူတာ မရှိဘူး” ဟု ၎င်းက The Ta’ang Post သို့ပြောသည်။

 

ပြီးခဲ့သည့် မတ်လပိုင်းတွင် မိုင်းငေါ့မြို့နယ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲသူ ငါးဦးကို ယင်းမြို့နယ် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ဖမ်းဆီးချုပ်နှောင်ထားပြီး သုံးလအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ပြီးမှ နောက်နောင်တွင် မူးယစ်ဆေးမသုံးစွဲရန် ဝန်ခံကတိဖြင့် ပြန်လွှတ်ပေးသွားမည်ဖြစ်ကြောင်း မိုင်းငေါ့မြို့နယ် ရဲမှူးဖြစ်သူက The Ta’ang Post သို့ ပြောကြားထားသည်။

 

မိုင်းငေါ့မြို့နယ်ကို PSLF/TNLA က ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(၃၁)ရက်တွင် စစ်ကောင်စီထံမှ ရယူ သိမ်းပိုက်နိုင်ခဲ့ပြီး မိုင်းငေါ့မြို့သည် တအာင်းပြည်နယ်၊ PSLF/TNLA၏ တပ်မဟာ(၂)စစ်ဒေသ နမ့်ဆန်ခရိုင်အတွင်း၌ ပါဝင်ပြီး ရပ်ကွက်ငါးခု၊ ကျေးရွာအုပ်စု သုံးစုနှင့် ကျေးရွာအုပ်စုအတွင်း ကျေးရွာပေါင်း (၂၀) ကျော်ခန့် ရှိသည်။

 

လက်ရှိတွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် ရှမ်းပြည်မြောက်ပိုင်း၌ စတင်ဖော်ဆောင်ခဲ့သော တအာင်းတပ်မတော် TNLA ၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ ရက္ခိုင့် တပ်တော်(AA)ညီနောင်မဟာမိတ် သုံးဖွဲ့ပါဝင်သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း  တအာင်းတပ်မတော်(TNLA) သိမ်းပိုက်နိုင်ခဲ့သည့် မိုင်းငေါ့မြို့နယ်အပြင် နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ နမ့်ဆန်၊ မန်တုံနှင့် မိုင်းလုံမြို့နယ် များတွင်လည်း ဘိန်းစိုက်ပျိုးခြင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲခြင်း၊ လောင်းကစားဝိုင်းများနှင့် ပတ်သက်၍ TNLA တာဝန်ရှိသူများမှ  အရေးယူဆောင်ရွက်လျက်ရှိသည်ဟု PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနမှ ထုတ်ပြန်ထားသည်။

 

ဓာတ်ပုံ-PSLF/TNLA