ဘူးသီးတောင်က ရိုဟင်ဂျာငါးဦး ဖမ်းဆီးသတ်ဖြတ်ခံရမှု AA ပြောခွင့်ရငြင်း

Author ကိုထားဝယ်
Categories
Published on Apr 24, 2024

ဧပြီလ ၁၇ ရက်နေ့က ရက္ခိုင့်တပ်တော် AA ၏ ဖမ်းဆီးခံရသော ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ သရက်အုတ်ကျေးရွာ၊ အဘူဂျာ ဟမ်းမလတ်မှ ရိုဟင်ဂျာငါးဦး၏ ရုပ်အလောင်းများကို ယမန်နေ့ နံနက်ပိုင်းတွင် တံတားအနီးတွေ့ရှိခဲ့သည်ဟု ရိုဟင်ဂျာလွတ်မြောက်ရေးညွှန့်ပေါင်းအဖွဲ့ တည်ထောင်သူ ဦးနေဆန်းလွင်က လူမှုကွန်ရက်မှတစ်ဆင့် ပြောကြားသည်။

 

ထိုကိစ္စတွင် ပတ်သက်ခြင်းမရှိသကဲ့သို့ ဖမ်းဆီးခြင်းလည်း မရှိကြောင်း ရက္ခိုင့်တပ်တော် AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက တုံ့ပြန်ပြောဆိုသည်။

 

“ဒီကိစ္စကတော့ ကျွန်တော်တို့အဖွဲ့အစည်းနဲ့ လုံးဝပတ်သက်မှုမရှိပါဘူး။ သူတို့ပြောသလို ဖမ်းဆီးတာလည်း မရှိပါဘူး” ဟု ၎င်း၏ တရားဝင်လူမှုကွန်ရက်များမှတစ်ဆင့် ပြောသည်။

 

ဖမ်းဆီးသတ်ဖြတ်ခံ ရွာသားများမှာ မည်သည့်အမှားမျှ ကျူးလွန်ထားခြင်းမရှိဘဲ အလွယ်တကူဖမ်းဆီးသတ်ခံခဲ့ရခြင်းဖြစ်သည်ဟု သရက်အုတ်ကျေးရွာသူ/သားများက ပြောကြားကြောင်း ဦးနေဆန်းလွင်၏ ယမန်နေ့ ဧပြီ ၂၃ ရက်ပြောဆိုမှုတွင် ထပ်မံရေးသားထားသည်။

 

သရက်အုတ်ကျေးရွာ၊ အဘူဂျာ ဟမ်းမလတ်နေရာသည် ဘင်္ဂါလီမူဆလင်အကြမ်းဖက်အဖွဲ့များဖြစ်သည့် ARSA, ARA, RSO တို့နှင့် အခြားမူဆလင်မူးယစ်ဂိုဏ်းများလှုပ်ရှားနေကြပြီး ရှုပ်ထွေးသည့်နေရာဖြစ်ကြောင်း ခိုင်သုခက ပြောသည်။

 

“သူတို့ရာဇဝတ်ဂိုဏ်းတွေကြားမှာ တစ်ဖက်နဲ့တစ်ဖက်မကျေနပ်လို့ လုပ်ကြံသတ်ဖြတ်တာတွေပဲဖြစ်ပါလိမ့်မယ်။ သူတို့ဘင်္ဂါလီမူဆလင်ဒုက္ခသည်စခန်းတွေမှာလည်း လုပ်ကြံသတ်ဖြတ်မှုတွေအများကြီးရှိနေပါတယ်။ ကျွန်တော်တို့အဖွဲ့အစည်းကိုမကျေနပ်တဲ့ အကြမ်းဖက်အဖွဲ့တွေက ကျွန်တော်တို့အဖွဲ့အစည်းကို ဒေသခံတွေအထင်အမြင်လွဲမှားမှုတွေဖြစ်လာအောင် ဖန်တီးလုပ်ကြံတာမျိုးလည်းဖြစ်နိုင်ပါတယ်” ဟု AA ခေါင်းဆောင်များထဲက တစ်ဦးဖြစ်သူ ခိုင်သုခက ပြောသည်။

 

ရက္ခိုင့်တပ်တော် AA အနေဖြင့် စစ်သုံ့ပန်းများကိုပင် ကောင်းကောင်းမွန်မွန်စောင့်ရှောက်ထားပြီး ယခုကဲ့သို့ ဥပဒေမဲ့ မတရားသတ်ဖြတ်ခြင်းမျိုး မည်သည့်အချိန်မျှမလုပ်ကြောင်း ၎င်းက ဆိုသည်။

 

ရခိုင်ပြည်အတွင်း စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် AA တို့ကြား တိုက်ပွဲများပြင်းထန်လာပြီးနောက် လူမျိုးရေးပဋိပက္ခအသွင်ဖြစ်ပေါ်လာမည့်အရေး အားလုံးက စိုးရိမ်နေကြသည်။

 

လတ်တလော ဘူးသီးတောင်-မောင်တောဒေသ ဒေသခံနေအိမ်များ မီးရှို့ဖျက်ဆီးခံရမှုနှင့်ပတ်သက်၍ တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန်စွပ်စွဲပြောဆိုမှုများပြုလုပ်နေကြသည်။

 

လက်ရှိ ရခိုင်ဒေသတိုက်ပွဲများအတွင်း စစ်ကောင်စီအနေဖြင့် ရက္ခိုင့်တပ်တော် AA ကို အဖက်ဖက်တွင် ရှုံးနိမ့်နေရပြီး လက်ရှိအချိန်အထိ မြေပုံ၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲနှင့် ကျောက်တော်တို့အပြင် ချင်းပြည် ပလက်ဝဒေသတို့ကို AA က သိမ်းပိုက်ထိန်းချုပ်ထားသည်။

 

ဓာတ်ပုံ – ခိုင်သုခ လူမှုကွန်ရက်အကောင့်