တင့်ကားပစ်လက်နက်ကြီးကြောင့် တောင်ယာသွားသည့် အမျိုးသမီးကြီးတစ်ဦး ဒဏ်ရာပြင်းထန်စွာရဟု PNLA ပြော

Published on Apr 24, 2024

စစ်ကောင်စီတပ် ပစ်လိုက်သော လက်နက်ကြီးကြောင့် ရှမ်းပြည်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်ရှိ အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်ကာ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့ကြောင်း ပအိုးဝ်အမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ၏ ယနေ့ ထုတ်ပြန်ချက်အရ သိရသည်။

 

စစ်ကောင်စီတပ်သည် ယနေ့ ဧပြီ ၂၄ ရက် နံနက် ၇ နာရီခန့်တွင် တိုက်ပွဲမဖြစ်ဘဲ တင့်ကားပေါ်ကပစ်ခတ်လိုက်သည့်လက်နက်ကြီးကြောင့် နောင်ကျောကျေးရွာအုပ်စုဘက်သို့ကျရောက်ကာ အသက်(၆၆)နှစ်အရွယ် မွိုးကဲ့အမည်ရ ပအိုးဝ်အမျိုးသမီးတစ်ဦးကို ထိမှန်ခဲ့သည်ဟု PNLA သတင်းတာဝန်ခံ ခွန်ရိန်းယံက CJ Platform သို့ပြောသည်။

 

“လက်နက်ကြီးက တင့်ကားနဲ့ပစ်တာလို့ သိရတယ်။ တောင်ယာသွားနေချိန် လက်နက်ကြီးက လာကျတာ။ မွိုးကဲ့ကို ထိမှန်တာပေါ့။ ဒဏ်ရာက တော်တော်ပြင်းထန်တယ်ဗျ” ဟု ၎င်းက ပြောသည်။

 

စစ်ကောင်စီတပ်ဘက်မှ မကြာခဏဆိုသလို တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး ယခုပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုကို ဆက်လက်စုံစမ်းဆဲဖြစ်သည်ဟု ခွန်ရိန်းယံက ဖြည့်စွက်ပြောဆိုသည်။

 

ဧပြီလ ၂၀ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဘက်မှ ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့သဖြင့် အများပြည်သူသုံးလမ်းမပေါ်နှင့် တောင်ယာများထဲသို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။

 

ဓာတ်ပုံ – PNLA