SSA နှစ် ၆၀ ပြည့်အခမ်းအနား ဝမ်ဟိုင်းတွင် ပြုလုပ်

Author လင်းနွေဦး
Categories
Published on Apr 24, 2024

ရှမ်းပြည်တပ်မတော်(SSA)တည်ထောင်ခြင်း နှစ် ၆၀ ပြည့် အခမ်းအနားကို ယနေ့ ဧပြီ ၂၄ ရက် နံနက်ပိုင်းတွင် SSPP/SSA ဌာနချုပ်ဖြစ်သည့် ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းဌာနချုပ်တွင် ကျင်းပပြုလုပ်ကြောင်း ဒေသတွင်း မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

ရှမ်းပြည်တပ်မတော်ကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ)ခေတ် ဗိုလ်ချုပ် နေဝင်း အာဏာသိမ်းပြီးနောက် ၂ နှစ်အကြာ ၁၉၆၄ ခုနှစ် ဧပြီ ၂၄ ရက်နေ့တွင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် နှစ် ၆၀ တိုင်ပြည့်မြောက်ခဲ့ ပြီဖြစ်သည်။

SSA နှစ် ၆၀ ပြည့်အခမ်းအနားသို့ SSPP/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ပန်ဖနှင့် ရက္ခိုင့်တပ်တော် (AA)မှ ဒု စစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်တို့ တက်ရောက်ခဲ့ကြသည်ဟု ဒေသအခြေစိုက် သတင်းဌာနများတွင် ဖော်ပြသည်။

အဆိုပါအခမ်းအနားအတွင်း AA ဒုစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်က ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)တို့မှ နှစ် ၆၀ ပြည့် အခမ်းအနားသို့ ဂုဏ်ပြုသဝဏ်လွှာ အသီးသီးပေးပို့ခဲ့ကြသည်။

“မပြီးပြတ်သေးသော၊ မပြီးပြည့်စုံသေးသော ရှမ်းတိုင်းရင်းသားများ၏ အရေးကို အတူတကွ ချီတက်တိုက်ပွဲဝင်ကြပါစို့” ဟု PNLO က တိုက်တွန်းပြောဆိုသည်။

 

ဓာတ်ပုံ – SSPP

 

ပုံစာ – ဧပြီ ၂၄ ရက်ကကျင်းပသည့် SSPP/SSA နှစ် ၆၀ ပြည့် အခမ်းအနား မြင်ကွင်းများ

 

Related News

Depend on news