စစ်ကောင်စီ မိုင်းရှင်းလင်းရေးလုပ်နေ၍ မုံရွာ-ချောင်းဦးလမ်းပိုင်းကို မသုံးရန် ကာကွယ်ရေးအဖွဲ့ဆို

Author ဝက်ဝံနက်
Categories
Published on Apr 24, 2024

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းမကြီးအတွင်းမှ မုံရွာ-ချောင်းဦးလမ်းပိုင်းကို ခရီးသွားပြည်သူများအနေဖြင့် ယနေ့မှစတင်ပြီး အသုံးမပြုကြရန် အညာကာကွယ်ရေးအင်အားစု(Anyar Defence Force)က ထုတ်ပြန်လိုက်သည်။

 

မုံရွာမြို့နှင့် ချောင်းဦးမြို့တို့ကို အဓိကဆက်သွယ်ထားသော ယင်းလမ်းပိုင်းအနီး စစ်ကောင်စီတပ်သားများက မိုင်းရှင်းလင်းရေးလုပ်ဆောင်နေသည့်အတွက် အသွားအလာကန့်သတ်လိုက်ခြင်းဖြစ်သည်ဟု အညာကာကွယ်ရေးအင်အားစုမှ တာဝန်ခံ ကို Rebel က ပြောသည်။

 

“လမ်းပေါ်မယ် ခွေးတွေက ဘိုဇာ(ဘူဒိုဇာ)ကားကြီးနဲ့ မိုင်းရှင်းလင်းရေးလုပ်နေတာဗျ။ လမ်းသွားလမ်းလာပြည်သူတွေကိုတားပြီး မိုင်းတွေဖြုတ်ခိုင်းမှာစိုးရိမ်လို့ ပိတ်လိုက်ရတာပါဗျ” ဟု ၎င်းက ပြောသည်။

 

အဆိုပါ မုံရွာ-မန္တလေးလမ်းမကြီးသည် စစ်ကောင်စီအတွက် အလွန်အရေးပါသော လမ်းပိုင်းဖြစ်ပြီး ထိုလမ်းမှတစ်ဆင့် လက်နက်ခဲယမ်းနှင့် ရိက္ခာပို့ဆောင်ရာလမ်းမကြီးဖြစ်သည်ဟု သိရသည်။

 

အဆိုပါ မုံရွာ-ချောင်းဦးလမ်းပိုင်းပေါ်တွင် မဖြစ်မနေ(သေရေး၊ ရှင်ရေး)အရ သွားလာရမည်ဆိုပါကလည်း ကားမှန်များချပြီး အရှိန်အနည်းငယ်ဖြင့်သာ မောင်းနှင်ရန် အညာကာကွယ်ရေးအင်အားစု(Anyar Defence Force)က တိုက်တွန်းသည်။

 

“လမ်းပိတ်ရင်တော့ အသွားအလာတွေ နှောင့်နှေးကုန်မှာတော့အမှန်ပဲ။ ဒါပေမဲ့ PDF တွေက ပိတ်တာဆိုတော့လည်း ဒီလမ်းအသုံးပြုရင် အန္တရာယ်များလို့ဖြစ်မယ်ပေါ့နော်။ ဒီဘက်မှာက ဒီလမ်းတစ်လမ်းထဲရှိတာတော့ မဟုတ်ဘူးဗျ။ တောလမ်းတစ်လမ်းတော့ ရှိတယ်။ ဒါပေမဲ့ အဲဒီလမ်းကတော့ အချိန်ကြာတာပေါ့” ဟု မုံရွာ-ချောင်းဦးလမ်းကို အသုံးပြုနေသူ အသက် ၂၀ အရွယ်အမျိုးသားတစ်ဦးက ပြောသည်။

 

လက်ရှိတွင် အဆိုပါလမ်းပိုင်းကို ဧပြီ ၂၄ ရက်နေ့မှစတင်ကာ ပိတ်ထားမည်ဖြစ်ပြီး ဖွင့်လှစ်မည့်နေ့ကို ပြန်လည်ကြေညာပေးသွားမည်ဖြစ်ကြောင်း အညာကာကွယ်ရေးအင်အားစုထံမှ သိရသည်။

 

ဓာတ်ပုံ – ထုတ်ပြန်ချက်