နာရေးဖဲဝိုင်း အငြင်းပွားမှုကနေအစပြုပြီး ရွာသားတွေကို ဓားထောက် ကြိမ်းမောင်းကာ သေနတ်နဲ့ ခြိမ်းခြောက်ခဲ့တဲ့ ပကဖနဲ့ အဖွဲ့ဝင်တချို့ကို အရေးယူပေးဖို့ ဒေသခံတွေ တောင်းဆို
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က ကျေးရွာတစ်ရွာရဲ့ နာရေးအိမ်တစ်ခုမှာ တိုက်နယ်-၅ ပကဖ တာဝန်ခံနဲ့ ရွာသားတွေကြား အငြင်းပွားမှု ဖြစ်ပွားပြီး တိုက်နယ် ပကဖနဲ့ အဖွဲ့ဝင်တချို့က ကျေးရွာသားတွေကို လက်နက်နဲ့ ခြိမ်းခြောက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံ တော်လှန်ရေးရဲဘော်တစ်ဦးနဲ့ ဒေသခံ ၃ ဦးဆီက စုံစမ်းသိရှိရပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၁ ရက် ညပိုင်းမှာ ဒီပဲယင်းမြို့နယ် အနောက်ခြမ်းက ကျေးရွာတစ်ရွာက နာရေးအိမ်တစ်ခုမှာ တိုက်နယ်-၅ တာဝန်ခံနဲ့ အဖွဲ့ဝင်တွေ လာရောက်ကာ နာရေးဖဲဝိုင်း ဝင်ကစားရာကနေ အခုလို ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ရွာဓလေ့အတိုင်း အသုဘအိမ်မှာ ဖဲရိုက်ကြတယ်။ တိုက်နယ် ပကဖနဲ့ ရဲဘော် ၇ ယောက်လောက် ရောက်လာပြီး လက်နက်ပါတဲ့ ၄ ယောက်ကတော့ တခြားနေရာ သွားကြတာ၊ တာဝန်ခံနဲ့ ကျန် ၂ ယောက်က ဖဲဝိုင်းဝင်ရိုက်ရင်း တိုက်နယ် ပကဖက ပြည်သူကို ဓားထောက်တာတွေ ဖြစ်ခဲ့တာ” လို့ ဒီဖြစ်စဉ်ကိုသိတဲ့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
တိုက်နယ် ပကဖတာဝန်ခံနဲ့ ဒေသခံအကြား စကားအခြေအတင်များရာမှာ တိုက်နယ် ပကဖတာဝန်ခံက ဒေသခံကို ဓားနဲ့ထောက်တာတွေ၊ နာရေးအိမ်က စားပွဲဝိုင်းတွေကို ရိုက်ချိုးတာတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။
“သူတို့လာတော့ ရွာသားက ကစားမှာလားဆိုပြီး နေရာဖယ်ပေးတယ်။ ပြီးတော့ နောက်ကထိုင်ကြည့်တာပေါ့၊ အဲဒီမှာ လူများတော့ နေရာကျပ်တော့ ကပ်ထိုင်ကြည့်နေတော့ နောက်တိုးဖို့ပြောတာ၊ နေရာကျပ်တော့ တိုးမရဘူးပြောတော့ တာဝန်ခံက မင်းက ဘာကောင်လဲ စပြောတော့ ခင်ဗျားကရော ဘာကောင်လဲ ရွာသားက ပြန်ပြောပြီး အခြေအတင်ဖြစ်ပြီး ပကဖတာဝန်ခံက ဓားထုတ်ပြီး ဓားနဲ့ထောက်တာပဲ” လို့ CJ Platform ကို ပြောပါတယ်။
နာရေးအိမ်ဖြစ်နေတာကြောင့် ကျေးရွာသားတွေက ဝိုင်းဝန်းဖြန်ဖြေပြီး အခြေအနေကို ထိန်းသိမ်းခဲ့ပေမယ့် တိုက်နယ်-၅ ပကဖတာဝန်ခံက နာရေးအိမ်က စားပွဲဝိုင်းကို ရိုက်ချိုးခဲ့တဲ့အပြင် ကျေးရွာသားတွေကိုလည်း စိန်ခေါ်ကြိမ်းမောင်းတာတွေနဲ့ သူ့ရဲ့ အဖွဲ့သားတွေက လက်နက်တွေနဲ့ ခြိမ်းခြောက်တာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
“သူများနာရေးအိမ်ကြီး မကောင်းပါဘူး၊ ဒီလိုမလုပ်ပါနဲ့ ဝိုင်းပြောပြီး ပြဿနာက ပြီးသွားပြီး ကြေအေးသွားပြီ။ ခဏကြာတော့ စားပွဲတွေရိုက်ချိုးတော့ သူပါလာတဲ့ ရဲဘော်တွေက ဆွဲခေါ်သွားတာကို ကျေးရွာသားတွေကို စိန်ခေါ်သွားတာ။ အဲဒီမှာ ရွာသားတွေက ဝိုင်းလိုက်တော့ နေအိမ်တစ်ခုမှာ ဝင်သွားတော့ ထုတ်ပေးဖို့၊ ထွက်လာဖို့ ပြောချိန် သူ့ရဲဘော်တွေ ရောက်လာပြီး ရွာသားတွေကို သေနတ်နဲ့ချိန်ပြီး မြေကြီးပေါ် မှောက်နေခိုင်းတာ၊ သေနတ်တွေပါ မောင်းတင်ထားတာ၊ မမှောက်ရင်ပစ်မယ်လို့လည်း ပြောတယ်” လို့ အခင်းဖြစ်စဉ်ကို မျက်မြင်တွေ့ရှိခဲ့ရသူ အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။
အခင်းဖြစ်စဉ်အပြီးမှာ ကျေးရွာ ပလဖက အရေးယူဆောင်ရွက်နိုင်ဖို့ ဒီပဲယင်းမြို့နယ်၊ တိုက်နယ်-၅ ပကဖတာဝန်ခံကို လာရောက်ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် မတ် ၂၂ ရက်မှာ ဒီပဲယင်းမြို့နယ် ပကဖ တာဝန်ခံက အခင်းဖြစ်ပွားရာ နေရာကို ရောက်လာပြီး တိုက်နယ် ပကဖရဲ့ လုပ်ရပ်အတွက် တောင်းပန်ကာ အရေးယူဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။
“ဖြစ်ပြီးနောက်နေ့ မြို့နယ် ပကဖက လာပြီး သူအရေးယူပေးမယ်လို့ ပြောတာပဲ၊ အခု ၃ ရက်လောက်ရှိပြီ ဘာမှတော့ မကြားရသေးဘူး၊ ထိန်းသိမ်းထားတယ် ချုပ်ထားတယ်ပြောပေမယ့် မတွေ့ရဘူး၊ ဘယ်လိုအရေးယူထားတယ်၊ လုပ်နေတယ်ဆိုတာ အခုထိမသိရဘူး” လို့လည်း ဓားထောက်ခံရတဲ့ ဒေသခံနဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။
တိုက်နယ်-၅ တာဝန်ခံနဲ့ ရွာသားတွေကြား ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေကို ဖြေရှင်းရေး၊ အရေးယူဆောင်ရွက်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ဒီပဲယင်းမြို့နယ် တိုက်နယ်တာဝန်ခံကို ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလိုင်းအခက်အခဲတွေကြောင့် လက်ရှိအချိန်ထိ မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။ ဆက်လက်ပြီး ဆက်သွယ်မေးမြန်းနိုင်ဖို့ CJ Platform အနေနဲ့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။
ဒေသခံတွေအနေနဲ့ကတော့ တိုက်နယ် ပကဖတာဝန်ခံနဲ့ ရဲဘော်တွေဟာ ဒေသခံ အရပ်သားပြည်သူတွေအပေါ် အာဏာပြ ခြိမ်းခြောက်တာ၊ ကြိမ်းမောင်းပြောဆိုတာတွေအပြင် သေစေနိုင်တဲ့ လက်နက်နဲ့ ခြိမ်းခြောက်မှုတွေပါ လုပ်ဆောင်ခဲ့တာကြောင့် တရားမျှတပြီး ပွင့်လင်းမြင်သာတဲ့ အရေးယူမှုမျိုး ဖြစ်လာစေဖို့ မျှော်လင့်နေကြတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
မှတ်ချက် ။ ။ ဒေသတွင်း လုံခြုံရေးအတွက် ကျေးရွာအမည်နှင့် ဒေသခံများအမည်ကို ထိန်းသိမ်းပေးထားခြင်း ဖြစ်ပါသည်။
