စစ်အုပ်စုရဲ့ ရေတပ် ရေဒါစခန်းထားရှိရာ သမီးလှကျွန်းကို အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ပြီး တားမြစ်ရေဧရိယာ တိုးချဲ့
စစ်အုပ်စု ရေတပ်ရဲ့ အရေးကြီး ရေဒါစခန်းထားရှိရာ သမီးလှကျွန်းကို မူလ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ဧရိယာ ၂၁၇ ဒသမ ၆ ဧကအစား ရေပြင် ၁၁,၈၉၇ ဧက တိုးချဲ့ပြီး စုစုပေါင်း ၁၂,၁၁၄ ဒသမ ၆၀ ဧကအဖြစ် တားမြစ်ဧရိယာ တိုးချဲ့သတ်မှတ်ကာ “သမီးလှကျွန်း အဏ္ဏဝါအမျိုးသားဥယျာဉ်” အဖြစ် ပြောင်းလဲလိုက်တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

စစ်အုပ်စု လက်အောက်ခံ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက မတ် ၁၇ ရက်မှာ သမီးလှကျွန်းကို အမိန့်ကြော်ငြာစာအမှတ် (၁၈/၂၀၂၆) ထုတ်ပြန်ပြီး ဇီဝမျိုးစုံမျိုးကွဲနဲ့ သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၁၀၊ ပုဒ်မခွဲ (က) ကို အသုံးပြုပြီး ဧရိယာပြောင်းလဲ သတ်မှတ်လိုက်တာပဲ ဖြစ်ပါတယ်။

“အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ဖို့ တောင်းဆိုထားတာက ကြာပါပြီ။ အခုမှ ထပြီးလုပ်တာမှာ ဟိုင်းကြီးမှာရှိတဲ့ ရေတပ်ကို အဆင့်မြှင့်တာတွေ လုပ်ဆောင်ဖို့ ပြင်ဆင်တာဖြစ်ဖို့ ပိုများပါတယ်” လို့ သမီးလှကျွန်းနဲ့ ရေတပ်စခန်း ချိတ်ဆက်မှုကို သိရှိထားသူတစ်ဦးက ပြောပါတယ်။

သမီးလှကျွန်းဟာ ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ငဝန်မြစ်ဝမှာရှိတဲ့ သဘာဝကျွန်းတစ်ခုဖြစ်ပြီး မော်တင်စွန်းဘုရားကနေ ရေမိုင် ၆ မိုင်အကွာမှာ တည်ရှိပါတယ်။ အင်္ဂလိပ်ခေတ်က အင်္ဂလိပ်အရာရှိအချို့ အနားယူရာ နေရာတစ်ခုလည်းဖြစ်ပြီး ပင်လယ်လိပ်တွေ သဘာဝအတိုင်း ဥချမျိုးပွားရာ ကျွန်းဖြစ်တာကြောင့် Diamond Island လို့လည်း ခေါ်တွင်ကြပြီး ဒေသခံတွေကတော့ လိပ်ကျွန်းလို့ ခေါ်ဆိုကြပါတယ်။

နာဂစ်မုန်တိုင်း မတိုင်ခင်က ဧရိယာ ၅ မိုင်ခန့် ကျယ်ဝန်းတဲ့ သမီးလှကျွန်းဟာ ကျွန်းအနီး သဲထုတ်လုပ်မှုနဲ့ စည်းကမ်းမဲ့ ငါးဖမ်းသင်္ဘောတွေကြောင့် ဒီရေတိုက်စားကာ ၂ မိုင်ခန့်သာ ကျယ်ဝန်းတော့ပြီး ပင်လယ်လိပ်တွေ တက်ရောက် ဥချဖို့ သောင်ပြင်တွေ ပျက်စီးခဲ့တာကြောင့် လိပ်ချိုင် ၅ ခုခန့်ရှိရာကနေ ၂ ခုခန့်သာ ကျန်ရှိတော့တဲ့ ကျွန်းတစ်ခု ဖြစ်ပါတယ်။

ကျွန်းရဲ့ အဓိက တောင်ထိပ်နေရာတစ်ခုမှာ စစ်အုပ်စုက သူတို့ရေတပ်ရဲ့ ရေဒါစခန်းကို တည်ဆောက်ထားပြီး သမီးလှကျွန်းကို ပြင်ပခရီးသွားတွေ လာရောက်လည်ပတ်ခွင့် တင်းကျပ်ထားပါတယ်။

“ကျွန်းနားကို ငါးဖမ်းလှေတွေနဲ့ အခြားသူတွေ မလာနိုင်အောင် ရေဧရိယာ ပိုတိုးချဲ့လိုက်တာလို့ မြင်တယ်။ အရင်က လိပ်ကျွန်း (သမီးလှ) မှာ ၁၀ ဦးပါ စစ်တပ်ကပဲ စောင့်တာ၊ အခုက စစ်သားတွေ အတော်များများ ချထားတာ။ ရခိုင်ကို လက်လွှတ်ရဖို့ များနေတော့ အနောက်ဘက် ကမ်းခြေတစ်လျှောက်ကို ကာဗာလုပ်ချင်လို့ ရေတပ်တိုးချဲ့ပုံရတယ်” လို့ သမီးလှကျွန်းနဲ့ ရေတပ်စခန်း ချိတ်ဆက်မှုကို သိရှိထားသူတစ်ဦးက ပြောပါတယ်။

စစ်အုပ်စုဟာ အာရက္ခတပ်တော်ရဲ့ ထိုးစစ်တွေကြောင့် ရခိုင်ပြည်တစ်ခုလုံးနီးပါးကို လက်လွှတ်ဆုံးရှုံးထားရချိန်မှာ ရေတပ်ကို တိုးချဲ့နေပြီး စစ်သင်္ဘောအများအပြားကို တပ်တော်ဝင်စေခဲ့ပါတယ်။ ဒါ့အပြင် စစ်တပ်အရာရှိဟောင်းဖြစ်ပြီး ကြံ့ခိုင်ရေးပါတီရဲ့ ဗဟိုကော်မတီဝင်ဖြစ်တဲ့ ဘူးလက်လှဆွေ (ခ) ဦးလှဆွေဟာလည်း အတုယောင်ရွေးကောက်ပွဲအပြီး ပေါ်ထွက်လာမယ့် အစိုးရက ရခိုင်ပြည်ကို D Day ခေါ်ကာ ပြန်လည်တိုက်ခိုက်သွားနိုင်တယ်လို့ ပြောကြားထားဖူးပါတယ်။

ပုံစာ – သမီးလှကျွန်း (ခ) လိပ်ကျွန်းကို မြင်ရပုံ (ပုံဟောင်း)
