လာမယ့် အစိုးရအဖွဲ့ရဲ့ ငွေအသုံးစာရင်းကို စောင့်ကြည့်ဖို့ ဒုဗိုလ်ချုပ်ကြီးဟောင်းကို ဥက္ကဋ္ဌခန့်
စစ်အုပ်စု စိတ်တိုင်းကျ ပြင်ဆင်ထားတဲ့ အစိုးရအဖွဲ့သစ်ရဲ့ ငွေအသုံးစာရင်းတွေကို စိစစ်စောင့်ကြည့်ဖို့ ပြည်သူ့ငွေစာရင်းကော်မတီရဲ့ ဥက္ကဋ္ဌအဖြစ် ကြံ့ခိုင်ရေးပါတီဝင် ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးတေဇကျော်ကို ခန့်အပ်လိုက်တယ်လို့ ပြည်သူ့လွှတ်တော်က မနေ့က မတ် ၂၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။
တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို နေပြည်တော်မှာ ကျင်းပခဲ့တာဖြစ်ပြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပြည်သူ့ငွေစာရင်းကော်မတီကို ဦးဆောင်မယ့်သူအဖြစ် ကြံ့ခိုင်ရေးပါတီဝင်တွေဖြစ်တဲ့ အောင်မြေသာစံ မဲဆန္ဒနယ်က ဦးတေဇကျော်နဲ့ အတွင်းရေးမှူးအဖြစ် အောင်လံမဲဆန္ဒနယ်က ဦးတင်အောင်ချစ်တို့ကို ခန့်အပ်ခဲ့တာဖြစ်ပြီး ဒီကော်မတီမှာ အဖွဲ့ဝင် ၁၅ ဦး ပါဝင်မှာလည်း ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်မှာ ဥရောပသမဂ္ဂရဲ့ ပိတ်ဆို့အရေးယူမှု ခံထားရတဲ့ ဦးတေဇကျော်ဟာ စစ်အုပ်စု ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဒုတိယဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးလည်း ဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထမှူး) အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။
ဒုတိယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အဖွဲ့ဝင် ၁၅ ဦးပါ ဥပဒေကြမ်းကော်မတီကိုလည်း ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌအဖြစ် ဒဂုံမဲဆန္ဒနယ်က ဒေါက်တာနန္ဒကျော်စွာနဲ့ အတွင်းရေးမှူးအဖြစ် အမရပူရမဲဆန္ဒနယ်က ဦးသိန်းထွန်းဦးတို့ကို ခန့်အပ်ခဲ့တယ်လို့ သိရပါတယ်။
အစိုးရအဖွဲ့ရဲ့ နိုင်ငံဘဏ္ဍာငွေ (ပြည်သူ့အခွန်) တွေကို သုံးစွဲမှုအခြေအနေ၊ စာရင်းစစ်ချုပ်ရုံးရဲ့ အစီရင်ခံစာတွေကို လေ့လာသုံးသပ်တာ၊ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေဖို့ ကြီးကြပ်တာစတဲ့ ကိစ္စရပ်တွေကို လုပ်ဆောင်ဖို့ ပြည်သူ့ငွေစာရင်းကော်မတီကို ဖွဲ့စည်းခဲ့တာလည်း ဖြစ်ပါတယ်။
ဓာတ်ပုံ – USDP
