ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးသက်ပုံနဲ့ ကြံ့ခိုင်ရေးကိုယ်စားလှယ်လောင်းတွေက သူတို့မဲဆွယ်ပွဲ စည်ကားစေဖို့ တစ်ယောက်တစ်သောင်းပေးပြီး အင်အားဖြည့်
ကြံ့ခိုင်ရေးပါတီရဲ့ စစ်ကိုင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးသက်ပုံနဲ့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းတွေက သူတို့ရဲ့ မဲဆွယ်စည်းရုံးရေးပွဲမှာ လူစည်ကားစေဖို့ ဒေသခံတွေကို တစ်ယောက်တစ်သောင်းနဲ့ နေ့တွက်ခပေးကာ ခေါ်ယူပြီး ဟောပြောပွဲ လုပ်ဆောင်ခဲ့တယ်လို့ စည်းရုံးဟောပြောပွဲကို တက်ရောက်ခဲ့သူတွေဆီက သိရပါတယ်။
မနေ့ ဒီဇင်ဘာ ၂၃ရက်နေ့မှာ စစ်ကိုင်းမြို့ ပါရမီရပ်ကွက်မှာရှိတဲ့ နှစ် ၇၀၀ ကွင်းအတွင်း လုပ်ဆောင်ခဲ့တဲ့ ကြံ့ခိုင်ရေးပါတီရဲ့ ဒုဥက္ကဌ ဦးလှထွန်းတက်ရောက်ခဲ့တဲ့ စည်းရုံးဟောပြောပွဲမှာ လူစည်ကားစေဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကနေ တဆင့် ငွေပေးကာ လူစုဆောင်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“သက်ပုံတို့ မနေ့က နှစ် ၇၀၀ ကွင်းထဲ နေ့တွက်တစ်သောင်းနဲ့ ဆိုင်ကယ် ဆီထည့်ပေးပြီး လူတွေခေါ်ပြီး စည်းရုံးရေး ဟောပြောပွဲလုပ်သွားတယ်” လို့ စစ်ကိုင်းမြို့ခံတစ်ဦးက CJ Platform ကိုပြောပါတယ်။
ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းတွေဟာ စစ်အုပ်စုရဲ့ မဲဆွယ်စည်းရုံးခွင့် ပြုခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်နေ့ကတည်းက စစ်ကိုင်းမြို့ပေါ်မှာ လက်နက်ကိုင် စစ်အုပ်စုလက်အောက်ခံ တပ်သား၊ ရဲတပ်သားနဲ့ ပျူအင်အား အများအပြားနဲ့ နေရာအနှံ့ လုံခြုံရေးချကာ မြို့ပေါ်ရပ်ကွက်တွေမှာ နေ့စဉ် စည်းရုံးရေးဆင်းလုပ်ဆောင်နေခဲ့ပါတယ်။
စစ်အုပ်စုပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် ဒေသခံတွေရဲ့ စိတ်ဝင်စားမှု နည်းပါးခဲ့တာကြောင့် ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့ ကိုယ်စားလှယ်လောင်းတွေဟာ မက်လုံးပေးခေါ်ဆောင်တာတွေအပြင် ငလျင်ထောက်ပံ့ကြေးပေးမယ်ဟုဆိုကာ ဒီဇင်ဘာလ ၆ ရက်နေ့ကလည်း လိမ်လည်ခေါ်ယူ မဲဆွယ်ပြီး မည်သည့်အရာမှမပေးခဲ့တဲ့ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။
“မနေ့ကဆီလည်းထည့်ပေးတယ် တစ်သောင်းလည်း ပေးတယ်။ ပါတီအဖွဲ့ဝင်တွေနဲ့ ရပ်ကွက်အုပ်ကြီးတွေက ပိုက်ဆံတစ်သောင်းနဲ့ ဆိုင်ကယ်ဆီထည့်ပေးမယ်ဆိုပြီး နှစ် ၇၀၀ ကွင်းကိုခေါ်ခဲ့တာ ၊ အင်္ကျီ ၊ တစ်သောင်းနဲ့ ဆိုင်ကယ်လည်းဆီထည့်ပေးတယ်” လို့ ဟောပြောပွဲကိုတက်ခဲ့တဲ့ မြို့ခံတစ်ဦးက CJ Platform ကိုပြောပါတယ်။
ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းတွေနဲ့ ပါတီဝင်တွေဟာ အခုလို ငွေပေးပြီး မဲဆွယ်စည်းရုံးတာတွေအပြင် မဲဆွယ်စည်းရုံးရေးတွေမှာ မြို့ခံ၊ ကျောင်းသားတွေ၊ မြို့ပေါ်စစ်ရှောင်တွေပါ မချန် ချဉ်းကပ် မဲဆွယ်စည်းရုံးတာတွေလုပ်ဆောင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလလယ်လောက်ကလည်း ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်း ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးသက်ပုံဟာ မြို့ပေါ်စစ်ရှောင်တွေဆီ သွားရောက်ကာ “ပါတီအနိုင်ရရင် အရာရာ အဆင်ပြေစေရမယ်၊ ကားကို ၁၀၀ ဖိုး သုံးစီးဖြစ်စေရမယ်” စတဲ့ လက်တွေ့မကျတဲ့ ကတိကဝတ်တွေနဲ့ပါ မဲဆွယ်နေတာတွေ ရှိခဲ့ပါတယ်။
ဓာတ်ပုံ – USDP
