စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဝက်လက် ဒေသခံ ကလေးငယ် ၃ဦး အပါအဝင် ၇ ဦးသေဆုံး
စစ်ကိုင်းတိုင်း ၊ ဝက်လက်မြို့နယ်မှာ စစ်အုပ်စုက မနေ့က ဒီဇင်ဘာ ၂၃ ရက်နေ့ညပိုင်းမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တာကြောင့် နေအိမ်ပျက်စီးမှုတွေနဲ့ ဒေသခံ ၇ ဦးခန့်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်အုပ်စုရဲ့ မိတ္ထီလာတပ်က ဂျက်ဖိုက်တာတစ်စင်းနဲ့ မနေ့က ဒီဇင်ဘာ ၂၃ ရက်နေ့ ညနေ ၄ နာရီခွဲခန့်မှာ ဝက်လက်မြို့နယ်အရှေ့ခြမ်းက ငါးခါးပတ်ချောင်းရွာထဲကို ပေါင် ၂၀၀ ဗုံးသီးလေးလုံးနဲ့ တိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့တာလို့ သိရပါတယ်။
“ လူတွေရှိတဲ့နေရာကိုသက်သက်ချသွားတာဗျ ၊ လောလောဆယ် အလောင်း ၇ လောင်းတွေ့တယ်ဗျ။ ဒဏ်ရာတွေလည်းများတယ်ဗျ ၊၊ မနက်ဖြန်မှရှာရမှာ အိမ်တွေကလည်း အလဲလဲအကွဲကွဲပဲ” လို့ မျက်မြင်တွေ့ခဲ့ရတဲ့ ဒေသခံတစ်ဦးက မနေ့က ဒီဇင်ဘာ ၂၃ ရက်နေ့ ၆ နာရီခွဲခန့်မှာ CJ Platform ကိုပြောပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုအတွင်းမှာ အသက် ၁၄ နှစ်အရွယ် စစ်ရှောင်ကလေးတစ်ဦးနဲ့ အသက် ၇ နှစ်အရွယ် ကလေးနှစ်ဦး ၊ အသက် ၃၅ နှစ်အရွယ် ဒေါ်မာသွယ်နဲ့ သူရဲ့မိခင်ဖြစ်သူ အသက် ၈၀ ကျော် ဒေါ်ခင်တင့် ၊ အသက် ၈၀အရွယ် ဒေါ်သန်းမြ ၊အသက် ၇၅နှစ်အရွယ် ဒေါ်ကျင် နဲ့ အသက် ၂၅ခန့်အရွယ် ကိုမင်းသန့်တို့ သေဆုံးခဲ့ရတယ်လို့ ဒေသတွင်းသတင်းတွေကို ဖော်ပြနေတဲ့ Wetlet Informational Network အဖွဲ့ရဲ့ ထုတ်ပြန်ထားတဲ့အချက်အလက်တွေအရ သိရပါတယ်။
စစ်အုပ်စုက သူတို့ရဲ့ အတုအယောင်ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ ဝက်လက်မြို့နယ်အတွင်းက အရပ်သားတွေနေထိုင်ရာ ကျေးရွာတွေနဲ့ စစ်ရှောင်တွေရှိရာနေရာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ၊ မြေပြင်စစ်ကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်တာတွေရှိနေတာကြောင့် ဒေသခံတွေအနေနဲ့ လေကြောင်းရန်အန္တရာယ်ကို အထူးသတိပြုနေထိုင်ဖို့ တော်လှန်ရေးအဖွဲ့တွေကလည်း သတိပေးထားပါတယ်။
ဝက်လက်မြို့နယ်ထဲကို စစ်အုပ်စုက ဒီဇင်ဘာ ၁ ရက်နေ့ကနေ ဒီဇင်ဘာ ၂၃ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှု ငါးကြိမ်ခန့်ပြုလုပ်ခဲ့ပြီး ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ အပါအဝင် ဒေသခံ ၁၆ ဦးခန့်သေဆုံးခဲ့ရပြီး ၂၀ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဓာတ်ပုံ – Wetlet Informational Network
