မြန်မာနိုင်ငံဟာ ကလေးငယ်တွေ ပညာသင်ကြားခွင့်အတွက် အကာကွယ်ရ အခက်ဆုံး နိုင်ငံတစ်ခု ဖြစ်လာ
မြန်မာနိုင်ငံဟာ လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ပညာသင်ကြားခွင့်အတွက် ကာကွယ်ရ အခက်ခဲဆုံးနိုင်ငံတစ်ခု ဖြစ်လာတယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) မြန်မာက ဒီနေ့ ဇန်နဝါရီ ၂၄ ရက်မှာ ထုတ်ပြန်လာပါတယ်။
ကလေးငယ်တိုင်းအတွက် ပညာသင်ကြားခွင့်ရှိပြီး ပညာသင်ကြားခွင့်ကို ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်သလို အကျပ်အတည်းမျိုးစုံတွေကြား ပညာရေးဟာ ထိခိုက်ပျက်စီးမှုတွေ ကြုံနေရတယ်လို့ ယူနီဆက်ဖ်မြန်မာက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ကလေးငယ်ပေါင်း ၅ သန်းကျော်ဟာ ပညာသင်ကြားခွင့် အခွင့်အရေးတွေ ဆုံးရှုံးနေပြီး အတင်းအကြပ် စစ်သားစုဆောင်းခံရတာ၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခံရတာ၊ အလွဲသုံးစားပြုခံရတာ စတဲ့ အခွင့်အရေးချိုးဖောက်မှုတွေလည်း ကြုံတွေ့နေရတယ်လို့ ယူနီဆက်ဖ်မြန်မာရဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလထုတ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ (EROs) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာရှိတဲ့ ကလေးငယ်တွေဟာ စစ်ရေးပဋိပက္ခကြား ပညာရေးကို ခက်ခက်ခဲခဲ သင်ယူနေကြရသလို စစ်အုပ်စုရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် မြေအောက်စာသင်ကျောင်းတွေ ဆောက်လုပ်ကာ သင်ယူနေရတာတွေလည်း ရှိနေပါတယ်။
ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဝန်ကြီးဌာန (MOHR) က ပြုစုထားတဲ့ အချက်အလက်တွေအရ စစ်အုပ်စုရဲ့ အကြမ်းဖက်တိုက်ခိုက်မှုအပါအဝင် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် နိုင်ငံတစ်ဝန်း စာသင်ကျောင်းပေါင်း ၄၃၂ ကျောင်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
ကလေးငယ်တွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က လက်ယက်ကုန်းနဲ့ အိုးတိန်တွင်းက စာသင်ကျောင်းတွေအပါအဝင် စစ်အုပ်စုက သူတို့ လက်လွှတ်ဆုံးရှုံးထားရတဲ့ နယ်မြေတွေထဲက စာသင်ကျောင်းတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့် ကလေးငယ်ပေါင်း ၆၃၇ ဦးထက်မနည်းဟာ စစ်အုပ်စုရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေအတွင်း သေဆုံးခဲ့ရတယ်လို့လည်း MOHR က ဖော်ပြထားပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ကလည်း ကမ္ဘာတစ်ဝန်း ကလေးငယ်ပေါင်း ၂၇၂ သန်းဟာ ပဋိပက္ခတွေ၊ ရွှေ့ပြောင်းနေထိုင်ရမှုတွေ၊ ဆင်းရဲနွမ်းပါးမှုနဲ့ ခွဲခြားဆက်ဆံခံရမှုတွေကြောင့် ပညာသင်ကြားခွင့် ဆုံးရှုံးနေရတယ်လို့ ဒီနေ့ ဇန်နဝါရီ ၂၄ ရက်မှာ ပြောကြားထားပါသေးတယ်။
ဓာတ်ပုံ – HOPE For Burma
ပုံစာ – ဗုံးခိုကျင်းအတွင်းက မြေအောက်စာသင်ကျောင်းတစ်ခုကို မြင်ရပုံ (ပုံဟောင်း)
