ဒီတစ်ပတ် ကမ္ဘာကြီး ဘာထူးလဲ? (နိုဝင်ဘာ ၁၇ မှ နိုဝင်ဘာ ၂၃ ရက်အထိ)

Published on Nov 24, 2024

ဒီတစ်ပတ် (နိုဝင်ဘာ ၁၇ ရက်မှ နိုဝင်ဘာ ၂၃ ရက်အထိ) အတွင်းမှာတော့ ရုရှားက အဆင့်မြင့် ဒုံးကျည်တွေနဲ့ ယူကရိန်းကို ပြန်တိုက်ခိုက်တဲ့ သတင်းအပါအဝင် အစ္စရေးဝန်ကြီးချုပ်ကို ICC ဖမ်းဝရမ်းထုတ်တဲ့ သတင်းတွေဟာ ကမ္ဘာ့ထိပ်တန်းသတင်းတွေ ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် လာအိုမှာ မက်သနောပါဝင်မှုများတဲ့ အရက်တွေ သောက်မိလို့ နိုင်ငံခြားသားတွေ သေတဲ့သတင်း၊ ဖိလစ်ပိုင်မှာ သမ္မတကို ဒုသမ္မတက လုပ်ကြံမယ်ဆိုတဲ့သတင်းနဲ့ ဒေါ်လာ ၆.၂ သန်းတန်တဲ့ ငှက်ပျောသီး သတင်းအကြောင်းအရာတွေဟာ ဒီတပတ်အတွင်းမှာ ဟော့ဖြစ်ခဲ့ပါတယ်။ ဒီသတင်းအကြောင်းအရာတွေကို အနှစ်ချုပ်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

****************************************

 

“ပူတင်က အသံထက် ၁၀ ဆမြန်တဲ့ ဒုံးကျည်ကို ထုတ်သုံးပြ”

 

ယူကရိန်းဘက်က အမေရိကန်၊ ဗြိတိန်ထုတ် ဒုံးကျည်တွေနဲ့ ရုရှားဘက်ကို တိုက်ခိုက်လိုက်ပြီးနောက်မှာ ရုရှား-ယူကရိန်း စစ်ပွဲရဲ့ အရှိန်က ပိုမို မြင့်လာပါတယ်။ ရုရှားဘက်ကလည်း အခုလို ယူကရိန်းကို ထောက်ပံ့နေတဲ့ နိုင်ငံတွေကို သတိပေးတဲ့ အနေနဲ့ သူတို့ရဲ့ လက်နက်ဆန်းတစ်ခုကို ကမ္ဘာသိအောင် ပြသလိုက်ပါတယ်။

 

ရုရှားဟာ အခုရက်ပိုင်းအတွင်း ယူကရိန်းအရှေ့ပိုင်းက ဒီနီပရိုမြို့ကို ပစ်မှတ်ထားပြီး ဖျက်အားမြင့် ဒုံးကျည်တစ်စင်းပစ်လွှတ်ခဲ့ပါတယ်။ အဲဒီဒုံးကျည်ဟာ အသံထက် ၁၀ ဆ မြန်ဆန်ပြီးတော့ အဆင့်ဖြင့် နည်းပညာတွေ အသုံးပြုထားတဲ့ ဒုံးကျည်အမျိုးအစားလည်းဖြစ်ပါတယ်။

 

ကနဦးမှာ ရုရှား ထုတ်သုံးလိုက်တဲ့ ဒုံးကျည်ဟာ တိုက်ချင်းပစ် ICBM တစ်စင်းဖြစ်တယ်လို့ သုံးသပ်ခဲ့ကြပေမဲ့ အခုတော့ အဲဒီဒုံးကျည်ဟာ တိုက်ချင်းပစ် ဒုံးကျည်ထက် အဆင့်တစ်ဆင့်သာ နိမ့်တဲ့ တာလတ်ပစ် လက်နက်တစ်မျိုးဖြစ်တယ်လို့ လေ့လာသူတွေက ထုတ်ပြောလာပါတယ်။

 

အဲဒီ တာလတ်ပစ် ဒုံးအမျိုးအစား IRBM လို့ခေါ်တဲ့ ဒုံးကျည်ဟာ ICBM တွေလိုပဲ နျူကလီးယား ထိပ်ဖူးတပ်ဆင်ပြီး ပစ်ခတ်လို့ရပါတယ်။ အခုလို ဖျက်အားပြင်းလက်နက်တွေကို ရုရှားဘက်က အသုံးပြုလာပေမဲ့ ယူကရိန်းနဲ့ အနောက်အုပ်စုတွေဟာ ကြောက်ရွံ့နေမှာမဟုတ်ဘူးလို့ နိုင်ငံတကာသတင်းဌာနတွေက ရေးသားပါတယ်။

 

ရုရှားသမ္မတ ပူတင်ကတော့ အခုနည်းပညာသစ်နဲ့ ထုတ်ထားတဲ့  တစ်စက္ကန့်ကို သုံးကီလိုမီတာ သွားပြီး အသံထက် ၁၀ ဆ မြန်တဲ့ အဆင့်မြင့် ဒုံးကျည်ကို ဆက်လက် စမ်းသပ်အသုံးပြုသွားမှာဖြစ်တယ်လို့ အသိပေးထားသလို နည်းပညာအဆင့်မြှင့်တာတွေလည်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ ထုတ်ပြောထားပါတယ်။

 

ဒီဒုံးကျည် အမျိုးအစားကို ရုရှားဘက်က အိုရက်ရှ်နစ် ဒုံးကျည်လို့ အမည်ပေးထားပြီး  ဒုံးကျည်ဟာ ရုရှားရဲ့ နောက်ဆုံးပေါ် နျူကလီးယား မဟုတ်တဲ့ ဒုံးကျည်အမျိုးအစားဖြစ်ပါတယ်။ သမ္မတ ပူတင်ကတော့ ဒီကနေ့ ကမ္ဘာမှာ သူတို့ရဲ့ အခု ထုတ်ထားတဲ့ ဒုံးကျည်ကို တန်ပြန်တိုက်ခိုက်နိုင်တာ ဒါမှမဟုတ် ကြားဖြတ် တားဆီးနိုင်တာ ဘယ်သူ့မှ လုပ်ဆောင်နိုင်မှာ မဟုတ်ဘူးလို့ ကြွားလုံးထုတ်ထားပါတယ်။

****************************************

 

“ICC ဖမ်းဝရမ်းထုတ်တာခံရတဲ့ နေတန်ညာဟု ဘာပြောလဲ”

 

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC) ဟာ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟု၊ အစ္စရေး ကာကွယ်ရေးဝန်ကြီးဟောင်း ယိုအက်ဗ်ဂဲလန့်နဲ့ ဟားမက်စ်ခေါင်းဆောင် အီဗရာဟင်အယ်မာဆရီတို့ကို ဂါဇာစစ်ပွဲအတွင်း စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်တို့အပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ နိုဝင်ဘာ ၂၁ ရက်နေ့က ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။

 

ဂါဇာကမ်းမြောင်ဒေသမှာ အစားအစာ၊ ရေ၊ လျှပ်စစ်၊ လောင်စာဆီနဲ့ ဆေးဝါးပစ္စည်း အထောက်အပံ့တွေ ချို့တဲ့မှုကြောင့် အဲဒီဒေသက အရပ်သားတွေ ပျက်စီးဆုံးပါးသွားစေမယ့် အခြေအနေတွေကို ဖန်တီးခဲ့တယ်လို့ ယူဆရပြီး ကလေးငယ်တွေ အပါအဝင် အရပ်သားပြည်သူတွေဟာလည်း ရေဓာတ်ခန်းခြောက်မှုနဲ့ အာဟာရချို့တဲ့ရတဲ့ အခြေအနေတွေကြောင့် သေဆုံးနေရတယ်လို့ ဆိုပါတယ်။

 

ICC က တရားသူကြီးတွေကတော့ နေတန်ညာဟုနဲ့ ယိုအက်ဗ်ဂဲလန့်တို့ဟာ ဂါဇာက အရပ်သားပြည်သူတွေအပေါ် လူသတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ အစာအငတ်ထားတာတွေကို စစ်လက်နက်အဖြစ် အသုံးပြုခဲ့တယ်ဆိုတာ ယုံကြည်ဖို့အတွက် သင့်လျော်တဲ့ အကြောင်းရင်းတွေ ရှိနေတယ်လို့ အသိပေးထားပါတယ်။

 

အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုက အခု စစ်ရာဇဝတ်မှုနဲ့ ဖမ်းဝရမ်းထုတ်တာဟာ ဂျူးဆန့်ကျင်ရေးတစ်ခုဖြစ်ပြီး သူ့အနေနဲ့ ရှုတ်ချတယ်လို့ဆိုကာ အစ္စရေးဟာ ဂါဇာမှာ စစ်ရာဇဝတ်မှုတွေ မပြုလုပ်ထားဘူးလို့ ငြင်းဆန်ထားပါတယ်။ အစ္စရေးအနေနဲ့ ဂါဇာက လူတွေအတွက် အစားအသောက် တန်ချိန် ခုနစ်သိန်းလောက်အထိ ပေးခဲ့သလို ဒေသခံတွေ အန္တရာယ်မဖြစ်စေရေးအတွက် မက်ဆေ့ပေးပို့တာ ဒါမှမဟုတ် ဖုန်းခေါ်တာတွေနဲ့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေတာ စတဲ့ အစီအစဉ်တွေလုပ်ပေးပြီး ကူညီထားတယ်လို့ အသိပေးပါတယ်။

 

ICC ဟာ နိုင်ငံတကာရာဇဝတ်မှုတွေကို အမြဲတမ်းတရားစီရင်နိုင်တဲ့ တစ်ခုတည်းသော အမြဲတမ်းခုံရုံးဖြစ်ပြီး ကမ္ဘာ့နိုင်ငံတွေရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တရားမျှတမှုတွေအတွက် အရေးပါပါတယ်။ ဒါပေမဲ့ လက်ရှိမှာ အဖွဲ့ဝင်နိုင်ငံ ၁၂၄ နိုင်ငံသာရှိပြီး အစ္စရေးကလည်း အဖွဲ့ဝင်နိုင်ငံမဟုတ်သလို ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ ဖြစ်ကြတဲ့ အမေရိကန်၊ တရုတ်၊ ရုရှားနဲ့ အိန္ဒိယ စတဲ့ နိုင်ငံတွေလည်း ပါဝင်တာ မရှိပါဘူး။

****************************************

 

“မက်သနောနဲ့ လာအို”

 

လာအိုနိုင်ငံမှာ မက်သနော ပါဝင်မှုများတဲ့ အရက်တွေသောက်မိလို့ သေဆုံးသွားတဲ့ နိုင်ငံခြားသား အရေအတွက် ခြောက်ဦးရှိသွားပါပြီ။ Vang Vieng မြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်နေ့က ဒါဇင်နဲ့ချီတဲ့ နိုင်ငံခြားသား ခရီးသွားတွေ အဆိပ့်သင့်တဲ့ ဖြစ်ရပ်ဖြစ်ပေါ်ပြီးနောက် အခုလို သေဆုံးတာတွေ ဆက်လက်ဖြစ်ပေါ်ခဲ့တာပါ။

 

သေဆုံးသူတွေထဲမှာ အမေရိကန်နိုင်ငံသား တစ်ဦး၊ ဒိန်းမတ်နိုင်ငံသား နှစ်ဦး၊ ဗြိတိန်နိုင်ငံသား တစ်ဦးနဲ့ သြစတြေးလျ နိုင်ငံသား နှစ်ဦးတို့ ပါဝင်တယ်လို့ နိုင်ငံတကာသတင်းတွေက ဖော်ပြပါတယ်။ သေဆုံးသူတွေထဲပါဝင်ခဲ့ရတဲ့ ဩစတြေးလျ ဆယ်ကျော်သက် အမျိုးသမီးငယ်ရဲ့ မိသားစုဝင်တွေက “ကျွန်တော်တို့ရဲ့ သမီးချောလေး ဟိုလီဟာ အခုအချိန်မှာ ငြိမ်းချမ်းနေပြီလို့ ပြောရတာတောင် စိတ်မကောင်းပါဘူး”လို့ ဒေသခံတွင်း မီဒီယာတွေကို ဖြေထားပါတယ်။

 

လာအိုအစိုးရကတော့ အခုလို နိုင်ငံခြား ခရီးသွား ခြောက်ဦး သေဆုံးသွားတဲ့အပေါ် လွန်စွာမှ စိတ်မကောင်းဖြစ်ရပြီး ကျန်ရစ်သူမိသားစုဝင်တွေနဲ့ထပ်တူ ဝမ်းနည်းရကြောင်း နိုဝင်ဘာ ၂၃ ရက်နေ့မှာ ထုတ်ပြန်အသိပေးထားပါတယ်။ အခုဖြစ်စဉ်နဲ့ ပတ်သက်လို့ လာအိုရဲတွေဟာ Vang Vieng မြို့က Nana တည်းခိုဆောင် ပိုင်ရှင်နဲ့ မန်နေဂျာတို့ကို စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရှိရပါတယ်။ ဒါပေမဲ့ အသေးစိတ်ကိုတော့ နိုင်ငံတကာသတင်းဌာနတွေက ထည့်သွင်း မရေးသားထားပါဘူး။ လက်ရှိမှာတော့ အမေရိကန် အစိုးရအနေနဲ့ လာအိုနိုင်ငံအတွင်းက သူတို့ရဲ့ နိုင်ငံသားတွေကို အရက်သောက်သုံးမှုတွေနဲ့ ပတ်သက်လို့ သတိထားကြဖို့ တိုက်တွန်းထားပါတယ်။

 

မက်သနောဟာ အရက်တု ဒါမှမဟုတ် အရက်ပုန်းတွေမှာ အများဆုံး ပါဝင်တဲ့ အဆိပ်ဒြပ်ပေါင်းတစ်မျိုးဖြစ်ပါတယ်။ မက်သနောဟာ အရက်ချက်နေချိန်အတွင်း ထွက်ပေါ်လာပြီး ပေါင်းခံတဲ့အဆင့်မှာ အရက်ထဲစိမ့်ဝင် သွားပါတယ်။ စီးပွားဖြစ် ထုတ်လုပ်တဲ့ အရက်စက်ရုံကြီးတွေကတော့ မက်သနော ပါဝင်မှုကို လျှော့ချထားပါတယ်။ မက်သနော အဆိပ်သင့်မှုဟာ အာရှမှာ အဖြစ်များတယ်လို့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့က အသိပေးထားပါတယ်။

****************************************

 

“အဖေထက် သမီးက လက်စောင်းထက်”

 

ဖိလစ်ပိုင်းနိုင်ငံမှာ မားကို့စ်မိသားစုနဲ့ ဒူတာတေးမိသားစုတို့အကြား ပြီးခဲ့တဲ့ အောက်တိုဘာလပိုင်းကစလို့ ဆက်ဆံရေးတွေ ပျက်စီးခဲ့ပြီး တစ်ဘက်နဲ့ တစ်ဘက် ရန်စောင်နေတဲ့ အခြေအနေ ဖြစ်ပေါ်နေပါတယ်။ အင်အားကြီးတဲ့ မိသားစု နှစ်စုအကြားမှာ အပြစ်တင်မှုတွေကလည်း တဖြည်းဖြည်း ပိုဆိုးရွားလာပါတယ်။ အခုတော့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာကို ဒုသမ္မတ ဆာရာဒူတာတေးက လုပ်ကြံမယ်လို့ အသိပေးလိုက်ပါတယ်။  နိုင်ငံအတွင်းမှာတော့ လှုပ်လှုပ်ရှားရှား ဖြစ်ပေါ်ပြီး လက်ရှိသမ္မတရဲ့ လုံခြုံရေးတွေကိုပါ မြှင့်တင်ထားရပါတယ်။

 

ဒုသမ္မတ ဆာရာဒူတာတေးဟာ အရင် ဖိလစ်ပိုင် သမ္မတဟောင်း  ရိုဒီဂိုဒူတာတေးရဲ့သမီး ဖြစ်ပါတယ်။ ၂၀၂၂ခု နှစ် ဇွန် ၁၉ ရက်က ဖိလစ်ပိုင်နိုင်ငံရဲ့ ၁၅ ဦးမြောက် ဒုသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့တဲ့ ဆာရာဒူတာတေးဟာ  သဘောထားကွဲလွဲမှုတွေဖြစ်ခဲ့တဲ့ ရွေးကောက်ပွဲ အလွန်ကာလမှာ နိုင်ငံအတွင်း ညီညွတ်ရေးတွေ ဖြစ်ပေါ်ဖို့ တိုက်တွန်းခဲ့ပါသေးတယ်။

 

ဒုသမ္မတ ဆာရာဒူတာတေးရဲ့ အဖေဖြစ်သူ သမ္မတဟောင်းတုန်းကလည်း “အာဏာရှင်ခေါင်းဆောင်” လို့ နာမည်ကျော်ကြားခဲ့ပါတယ်။ မူးယစ်တိုက်ဖျက်မှု စစ်ဆင်ရေးတွေမှာ ထောင်ချီတဲ့ သံသယရှိသူတွေကို တရားလက်လွတ် စီရင်သတ်ဖြတ်ခွင့် ရဲတွေကို ပေးခဲ့တယ်ဆိုတဲ့ အချက်နဲ့ ဝေဖန်မှုတွေလည်း များပြားခဲ့ပါတယ်။  အခု သမီးဖြစ်သူ လက်ရှိ ဒုသမ္မတကတော့ သမ္မတကို လုပ်ကြံဖို့အတွက် ခြိမ်းခြောက်လိုက်တာပဲဖြစ်ပါတယ်။

 

ဒုသမ္မတ ဆာရာဒူတာတေးက “သူသာ အသတ်ခံခဲ့ရရင် သမ္မတ၊ သမ္မတကတော်အပြင် သမ္မတရဲ့ ညီအကိုဝမ်းကွဲတော်သူ လွှတ်တော်ဥက္ကဋ္ဌ မာတင်ရိုမူအာဒက်ဇ်ကိုပါ သွားသတ်ဖို့ ပြောထားပါတယ်”လို့ ဒုသမ္မတ ဆာရာဒူတာတေးက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ အသိပေးခဲ့တာပါ။ အခုအခါမှာ သမ္မတရဲ့ အသက် တိုက်ရိုက်ခြိမ်းခြောက်တာတွေကို အလေးထားကိုင်တွယ်ဖို့ တာဝန်ရှိသူတွေက‌ ဆောင်ရွက်နေကြပါတယ်။

****************************************

 

“ငှက်ပျောသီး အနုပညာပြကွက် ဒေါ်လာ ၆ ဒသမ ၂ သန်း တန်သတဲ့”

 

ဒီရက်ပိုင်းအတွင်း လေလံတစ်ခုကြောင့် တစ်ကမ္ဘာလုံး အံ့အားသင့်ခဲ့ရပါတယ်။ ဒါကတော့ နံရံမှာ တိပ်ကပ်ထားတဲ့ ငှက်ပျောသီးအနုပညာ ပြကွက်ဟာ မထင်မှတ်ထားတဲ့ တန်ကြေးတစ်ခုနဲ့ လေလံအောင်သွားခဲ့တာပါ။ အဲဒီလေလံပွဲကို နယူးယောက်မြို့  နာမည်ကြီး Sotheby လေလံရုံမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

 

ငှက်ပျောသီးအနုပညာ ပြကွက်ဟာ လေလံခေါ်စျေးထက် လေးဆများပြီး ဒေါ်လာ ၆ ဒသမ ၂ သန်းအထိ ရရှိခဲ့ပါတယ်။ လေလံအောင် ဝယ်ယူသူကတော့ တရုတ်နိုင်ငံဖွား ဒစ်ဂျစ်တယ် ခရစ်ပ်တို ငွေကြေးနဲ့ ချမ်းသာလာသူ ဂျပ်စတင် ဆွန်း ဖြစ်ပါတယ်။ လာမယ့်ရက်တွေမှာပဲ ငှက်ပျောသီးကို စားပြမယ်လို့ လေလံအောင်သူ ဆွန်းက အသိပေးထားပါတယ်။

 

ငှက်ပျောသီးကို နံရံပေါ် မှာ တိပ်နဲ့ ကပ်ထားတဲ့ အင်စတော်လေးရှင်း  ပြကွက်ဟာ ၂၀၁၉ ခုနှစ်မှာ လူရွှင်တော် “Comedian” ခေါင်းစဥ်နဲ့ စတင် ပြသခဲ့တာ ဖြစ်ပါတယ်။ ဖန်တီးသူ မာရီဇီယို ကတ်တီလန်ဆိုတဲ့ အီတလီ အနုပညာရှင်ဟာ ဒီပြကွက်ကြောင့် ဝေဖန်မှုတွေ ခံခဲ့ရပါသေးတယ်။

 

လေလံပွဲရက် အစောပိုင်းက ၃၅ ဆင့် ပေးဝယ်ပြီး ကပ်ထားတဲ့ ငှက်ပျောသီးဟာ အခုလို ဒေါ်လာသန်းချီ ပေးဝယ်လိုက်တဲ့အတွက် ကမ္ဘာပေါ်မှာ စျေးအကြီးဆုံး အသီးအနှံ ဖြစ်သွားပြီလို့ နယူးယောက်တိုင်းမ်စ် သတင်းစာက ရေးသားထားပါတယ်။ ဒီငှက်ပျောသီး ပြကွက်နဲ့ ပတ်သက်လို့တော့ တစ်ကမ္ဘာလုံးက လူတွေဟာ အွန်လိုင်းပေါ်မှာ မှတ်ချက်မျိုးစုံ ပေးနေကြပါတယ်။