နွားထိုးကြီးမြို့ ကျက်သရေဆောင် ရှင်ပင်သာဒွန်းဦးဘုရားကို စစ်ကောင်စီက ဗုံးကြဲချ

မန္တလေးတိုင်း မြင်းခြံခရိုင် နွားထိုးကြီးမြို့ မြို့ကျက်သရေဆောင် တန်ခိုးကြီးဘုရားတစ်ဆူဖြစ်တဲ့ ရှင်ပင်သာဒွန်းဦးဘုရားကို ဒီကနေ့ ဇွန်လ ၂၄ မနက်အစောပိုင်းမှာ စစ်ကောင်စီက လေကြာင်းကနေ ဗုံးကြဲချခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီက ဇွန်လ ၂၄ ရက်နေ့ မနက်အစောပိုင်း ၁၂နာရီခွဲအချိန် (ဇွန်လ ၂၃ရက်နေ့ ညသန်းခေါင်ကျော်)မှာ နွားထိုးကြီးမြို့ အမှတ် (၂) ရပ်ကွပ်ထဲမှာ တည်ထားကိုးကွယ်တဲ့ ရှင်ပင်သာဒွန်းဦး ဘုရားကို လေကြောင်းကနေ ဗုံးသီးနှစ်လုံး ကြဲချခဲ့တာဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက CJ Platform ကိုပြောပါတယ်။
အဲဒီလို စစ်ကောင်စီရဲ့ ဗုံးကြဲချမှုကြောင့် ဘုရားတံတိုင်း ၊ သာသနိက အဆောက်အအုံတွေနဲ့ ရှေးဟောင်းစေတီပုထိုးတွေ ပျက်စီးခဲ့ရတယ်လို့လည်း ထပ်မံပြောပြပါတယ်။
ရှင်ပင်သာဒွန်းဦးဘုရားဟာ နွားထိုးကြီးမြို့သူမြို့သားတွေ ကိုးကွယ်နေတဲ့ သမိုင်းဝင် ဘုရားတစ်ဆူဖြစ်ပြီး Covid-19 မတိုင်ခင် နှစ်တွေမှာလည်း မြို့ခံတွေက နှစ်စဥ်ဘုရားပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိပါတယ်။
စစ်ကောင်စီက ဗုံးကြဲချ ဖျက်ဆီးခဲ့တဲ့ ရှင်ပင်သာဒွန်းဦးဘုရားဟာ နွားဓိုရ်လိုအမည်တွင်တဲ့ ကျေးရွာက နွားကျောင်းသားလေး မောင်သာဒွန်းဦး ကျောင်းတဲ့ နွားတွေထဲက နွားတစ်ကောင်ဦးချိုသွေးရာမှ စေတီတော်တစ်ဆူ ပေါ်တော်မူခဲ့တယ်လို့ ဆိုပြီး ပေါ်တော်မူစေတီ တစ်ဆူကို ရသေ့ရှင်နိုင်စံရဲ့ ဗျာဒိတ်ဖြင့် ဌာပနာပြုတည်ထား ကိုးကွယ်ခဲ့ရာမှ ရှင်ပင်သာဒွန်းဦး အမည် တွင်ခဲ့တယ်လို့ သမိုင်းမှတ်တမ်းတွေက ဆိုပါတယ်။
ဒါ့အပြင် ပုဂံခေတ်ဦးပိုင်း ကွမ်းဆော်ကြောင်ဖြူမင်းလောင်းက ကွမ်းထမ်းရောင်းရာ လမ်းခရီးတစ်ထောက်နားနေစဉ် သိကြားမင်းရဲ့ စောင်မမှုဖြင့် ကွမ်းဆော်ကြောင်ဖြူမင်း ဖြစ်ခဲ့ရတယ်ဟူသော သမိုင်းကြောင်းရှိပြီး အဲဒီမင်းက မင်းဘုရင် မဖြစ်မီ အချိန်တွေက ရှင်ပင်သာဒွန်းဦးဘုရားမှာ သူမင်းဖြစ်ချိန် ဘုရားကို ကောင်းမွန်စွာ တည်ထား ကိုးကွယ်မည်ဟူသော သစ္စာစကားဆိုခဲ့ဖူးကြောင်း၊ ဒါကြောင့် မင်းဖြစ်ချိန်တွင် ဘုရားကို ပြုပြင်မွမ်းမံ ကိုးကွယ်ခဲ့သဖြင့် ရှင်ပင်သာဒွန်းဦးဘုရားလို့ အစဉ်အဆက်ခေါ်ဆိုခဲ့ကြတယ်လို့လည်း ဆိုပါတယ်။
စေတီတော်ကို ဘုံ ၇ဆင့် နဲ့ သစ်သားပြာသာဒ်တော်ဖြင့် ငုံကာတည်ထားခြင်းပြီး စေတီတော်ကို ငုံထားတဲ့ ဘုံပြာသာဒ်တော်ကြီးကို သစ်သားတိုင်လုံးပေါင်း ၅၉ တိုင်နဲ့ တည်ထားတာ ဖြစ်ပါတယ်။
ဓာတ်ပုံ- နွားထိုးကြီးဂျာနယ်