တာမွေမြို့နယ် စည်ပင်ဥက္ကဌဟောင်း ဦးအောင်မျိုးလင်း ဩဇီမှာ ခိုးမှု၊ ဓားပြမှု၊ လိမ်လည်မှုတွေနဲ့ တိုင်ကြားခံရဟုဆို

ဩစတေးလျနိုင်ငံ မဲလ်ဘုန်းမြို့ ဝါယာဘီမှာ နိုင်ငံရေးခိုလှုံခွင့်ရရှိနေသူ တာမွေမြို့နယ် စည်ပင်ဥက္ကဌဟောင်း NLD ပါတီဝင်ဖြစ်သူ ဦးအောင်မျိုးလင်းဟာ ဓားပြတိုက်လူရိုက်မှု၊ ငွေကြေးလိမ်လည်မှု၊ ခိုးမှုတွေနဲ့ တိုင်ကြားခံထားရတယ်လို့ ဩဇီရောက် မြန်မာအသိုင်းဝိုင်းဆီက သိရပါတယ်။
မဲလ်ဘုန်းမှာရှိတဲ့ ကချင်ကုန်စုံဆိုင်တစ်ခုမှာ ဇွန်လ ၁၃ရက်နေ့က နှာခေါင်းစည်းနဲ့ နေကာမျက်မှန်တပ်ကာ စျေးဝယ်ဟန်ဆောင်ပြီး ဆိုင်မှာရောင်းချနေတဲ့ ငရုတ်ကျည်ပွေ့နဲ့ ဆိုင်ရှင်အမျိုးသမီးဖြစ်သူကို ရိုက်နှက်ကာ ငွေကြေးလုယက်ဖို့ လုပ်ဆောင်ခဲ့သူဟာ ဦးအောင်မျိုးလင်းဖြစ်တယ်လို့ ဆိုပါတယ်။
“သူယူမယ့်ပစ္စည်း ကောင်တာပေါ်မှာတင်ပြီး ပိုက်ဆံရှင်းမယ်ဆိုပြီး သူကကောင်တာအစွန်းမှာ မတ်တပ်ရပ်တယ်။ ပစ္စည်းတွေကို ကြွပ်ကြွပ်အိတ်ထဲ လှမ်းအထည့်မှာ အနောက်ကငရုတ်ကျည်ပွေ့နဲ့ ရိုက်ချလိုက်တယ်။ ရိုက်ပြီးမှ ကောင်တာထဲ ပိုက်ဆံရှာတယ်။ ရှာနေတဲ့အချိန် မမေ့ဘဲနဲ့ သူ့ကိုဆွဲပြီး အော်တဲ့အချိန်မှ လူတွေလာတော့မှာဆိုပြီးတော့ တွန်းပြီးမှ ရိုက်တယ်။ နောက်စေ့ကို သူပြန်ရိုက်ပြီး ထွက်ပြေးသွားတယ်”လို့ ဆိုင်ပိုင်ရှင် အမျိုးသမီးက လွတ်လပ်တဲ့ မီဒီယာတစ်ခုဖြစ်တဲ့ မြစ်ကြီးနားသတင်းဂျာနယ်မှာ ဖြေကြားထားပါတယ်။
ဦးအောင်မျိုးလင်းကတော့ မုန့်ဟင်းခါးဝယ်ဖို့ လာရောက်ရင်း ဆိုင်ရှင်အမျိုးသမီးကို လက်ရှိငွေလဲလှယ်နှုန်း မေးမြန်းပြီးချိန်မှာ ဆဲဆိုသံတွေ ကြားခဲ့ရတာကြောင့် စိတ်မထိန်းနိုင်ဘဲ ရိုက်နှက်မိသွားတာဖြစ်တယ်လို့ သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားဖြေရှင်းထားပါတယ်။
ဆိုင်ရှင်အမျိုးသမီးကတော့ ဦးအောင်မျိုးလင်းရဲ့ ရိုက်နှက်မှုကြောင့် နောက်စေ့၊နဖူးနဲ့ မျက်နှာတွေမှာ ဒဏ်ရာတွေ ရရှိခဲ့ပြီး သုံးချက်ချုပ်ခဲ့ရတယ်လို့ သိရပါတယ်။
ဦးအောင်မျိုးလင်းနဲ့ ဇနီးဖြစ်သူဟာ ငွေကြေးတွေချေးယူပြီး ပြန်မပေးတာ၊ မဲလ်ဘုန်းမှာရှိတဲ့ မြန်မာကုန်စုံဆိုင်တွေကနေ ပစ္စည်းခိုးယူမှုတွေ လုပ်ဆောင်တာတွေရှိတယ်လို့လည်း မဲလ်ဘုန်းရောက် မြန်မာအသိုင်းအဝန်းက လူမှုကွန်ရက်စာမျက်နှာတွေမှာ ရေးသားထားကြပြီး လက်ရှိဖြစ်ရပ်ကိုလည်း ရှုတ်ချထားကြပါတယ်။
သူတို့ဇနီးမောင်နှံဟာ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ခိုလှုံနေချိန်မှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အမတ်အဖြစ် ဟန်ဆောင်တာ တော်လှန်ရေးလုပ်ဆောင်နေတဲ့ လူငယ်တွေနဲ့ ဓာတ်ပုံတွဲရိုက်ပြီး လိမ်လည်အလှူခံတာတွေလည်း လုပ်ဆောင်ခဲ့သူဖြစ်တယ်လို့ မဲဆောက်ရောက် မြန်မာအသိုင်းဝန်းကလည်း ဆိုပါတယ်။
“မဲဆောက်မှာလည်း ကလေးတွေကို ဆေးပြရမယ်ဆိုပြီး ပိုက်ဆံလိမ်တောင်းတာတွေ လုပ်တယ်၊ ကျွန်တော်တို့ဆီကလည်း ပိုက်ဆံတွေ ခဏခဏချေးတယ်၊ သူ့မိန်းမကလဲ ဩဇီကဆိုင်တွေမှာ ပစ္စည်းတွေပတ်ခိုးတာကို သူ့မိန်းမက ကျန်းမာရေးမကောင်းလို့ဖြစ်တာပါဆိုပြီး ရှင်းထားရသေးတယ်၊ မဲဆောက်မှာ အတော်မွှေသွားသေးတာ”လို့ မဲဆောက်မြို့မှာ ခိုလှုံနေထိုင်သူ အမျိုးသားတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ စွပ်စွဲခံရသူ ဦးအောင်မျိုးလင်းကို ဓားပြတိုက်လူရိုက်မှု၊ ငွေကြေးလိမ်လည်မှု၊ ခိုးမှုတွေနဲ့ ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားတယ်လို့ သိရပါတယ်။