ပဲခူးရိုးမပေါ်ကို တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း ကြားဖြတ် တိုက်ခိုက်ခံရပြီး ၁၀ ဦးထက်မနည်း သေဆုံး

Author CJ Platform
Categories
Published on May 24, 2025

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ ပဲခူးရိုးမပေါ်ကို တက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့ ညမှာ စောင့်ကြို တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ ရဲ့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

 

အင်အား တစ်ရာကျော် ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ပဲခူးရိုးမရှိ ခါချဥ်တောင်ပေါ်ကို စိန်ကန့်လန့်-မြိုချောင်း ရိုးမဖြတ်ကျော် လမ်းအတိုင်း ခြေလျင် တက်လာဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဟိုင်းယုလမ်းဆုံနဲ့ ပျဥ်ကတိုးခင်းရွာကြားက တရုတ်ပေါက် ကျောက်ကုန်းအနီးမှာ စောင့်ကြို တိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

 

ထိတွေ့တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တစ်နာရီခန့်ကြာ အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီး၊ တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့တဲ့အပြင် ဒဏ်ရာရသူတွေလည်း အများအပြား ရှိတယ်လို့ သိရပါတယ်။

 

တော်လှန်ရေးရဲဘော်တွေရဲ့ စောင့်ကြို တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဘန့်ဘွေးကုန်း ကျေးရွာဘက်ကို ထွက်ပြေး ဆုပ်ခွာသွားခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ က ထုတ်ပြန်ပြောဆိုထားပါတယ်။

 

တိုက်ပွဲအတွင်း သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းတွေကို ယမန်နေ့ မေလ ၂၃ ရက် မနက် ၅ နာရီခွဲခန့်မှာ လာကောက်တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ထပ်မံ ပစ်ခတ်မှု ၁၅ မိနစ်ခန့် ကြာခဲ့ပြီး၊ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်လာတာကြောင့် တော်လှန်ရေးရဲဘော်တွေ ဘေးကင်းအောင် ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

 

ဒီကနေ့ မေလ ၂၄ ရက်နေ့မှာတော့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ဝန်းကျင်ကို တော်လှန်ရေးအင်အားစုတွေက နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့ရာ စစ်အသုံးအဆောင် ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တဲ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းတွေပါ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

 

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အလောင်းပြန်ကောက်တယ်ဆိုပေမဲ့ သေဆုံးသူတွေအထဲ အချို့ကို ချောက်ကမ်းပါးထဲ ပစ်ချခဲ့သလို၊ တချို့ကိုလည်း မြေကြီးထဲ မြှုပ်ထားခဲ့ပြီး မလုံမခြုံ ပြုလုပ်ထားခဲ့တာမျိုး၊ ကျင်းတစ်ကျင်းထဲမှာပင် ၃ ဦး ပေါင်းမြှုပ်ထားခဲ့တာတွေရှိတယ်လို့ သိရပါတယ်။

 

သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းတွေကို စစ်ကောင်စီက ဖြစ်သလို သင်္ဂြိုလ်ခဲ့ပေမဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက သေသပ်စွာ ပြန်လည် သင်္ဂြိုလ်ပေးခဲ့တယ်လို့ သိရပါတယ်။

 

မှတ်ချက် ။         ။ သတင်းဓာတ်ပုံအချို့ဟာ Facebook လူမှုကွန်ရက် စံနှုန်းတွေနဲ့ ကိုက်ညီမှု မရှိတာကြောင့် CJ Platform ရဲ့ Telegram Channel https://t.me/cjplatform မှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

 

ဓာတ်ပုံ – ဓာတ်ပုံ – သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ၊ တပ်ခွဲ ၅