ဥပဒေနဲ့အညီ ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ဖြေရှင်းနိုင်လို့ အကြမ်းဖက်မှုတွေလျော့သွားပြီလို့ စစ်ခေါင်းဆောင်ဆို စစ်သားတွေရဲ့ နေရေးစားရေး ပြည်စုံအောင်လုပ်ပေးပါက စီးပွားရေးတိုးတက်အောင် ကူညီနိုင်မယ်လို့ ပြော

Author CJ Platform
Categories
Published on May 24, 2025

နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က အကြမ်းဖက်မှုတွေကို ဥပဒေအညီ ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်နိုင်တာကြောင့် လျော့ပါးသွားပြီလို့ ယမန်နေ့က ကျင်းပတဲ့ တြိဂံတိုင်းစစ်ဌာနချုပ်မှာ သူ့ရဲ့ တပ်ဖွဲ့ဝင်တွေနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့သလို၊ စစ်သားတွေနေရေးစားရေး ပြည်စုံအောင် လုပ်ပေးပါက တိုင်းပြည် စီးပွားရေးတိုးတက်အောင် ကူညီနိုင်မယ်လို့လည်း ပြောခဲ့ပါတယ်။

 

စစ်ကောင်စီအနေနဲ့ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေအနေနဲ့ ဆန္ဒပြမှုတွေ၊ CDM လုပ်ဆောင်တာတွေအပြင် တိုက်ခိုက်မှုတွေ ပြုလုပ်လာတာကြောင့် ရှိတဲ့အင်အားနဲ့ အခက်အခဲတွေကို ဥပဒေနဲ့အညီ ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ဖြေရှင်းနိုင်လို့ အကြမ်းဖက်မှုတွေ လျော့သွားပြီဖြစ်တယ်လို့ ဆိုပါတယ်။

 

“ယခုနှစ်ကုန်ပိုင်းတွင် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအားလုံးက ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရန် လိုတယ်” လို့ တရားဝင်အစိုးရ ဖြစ်ချင်နေတဲ့ အာဏာသိမ်းခေါင်းဆောင်က ပြောခဲ့တာပါ။

 

ဒီနှစ်ကုန်မှာ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ ဒေသအကျိုး ဖော်ဆောင်ပေးနိုင်မယ့် ကိုယ်စားလှယ်တွေကို မဲပေးဖို့ မဲဆွယ်ခဲ့သလို၊ ရွေးကောက်ပွဲ ကျင်းပပြီးချိန် လွှတ်တော်အထမြောက်ရန် လုပ်ဆောင်ပေးဖို့ကိုလည်း စစ်ခေါင်းဆောင်က တိုက်တွန်းခဲ့ပါတယ်။

 

ဒါ့အပြင် နိုင်ငံအတွင်း တော်လှန်ရေးအင်အားစုတွေနဲ့ သဘာဝဘေးတွေကြောင့် ဖြစ်လာတဲ့ အကျပ်အတည်းတွေကို ရှိသမျှအင်အားနဲ့ ရင်ဆိုင် ကျော်ဖြတ်ခဲ့သလို၊ နိုင်ငံတကာရဲ့ အကူအညီ တောင်းပြီး ရင်ဆိုင်ရတာတွေရှိတယ်လို့လည်း တရုတ်နိုင်ငံအားကိုးနဲ့ လာရှိုးပြန်ယူပြီး တအာင်းတပ်ကို ချိန်းခြောက်နေတဲ့ စစ်ကောင်စီတပ်ခေါင်းဆောင်က ပြောကြားခဲ့ပါတယ်။

 

စစ်တပ်အနေနဲ့ နိုင်ငံစီးပွားရေး တိုးတက်ဖို့ ဆောင်ရွက်ပေးရမှာဖြစ်ပြီး၊ စစ်သားတွေရဲ့ စားသောက်နေထိုင်ရေးကို ပြည်စုံအောင် ဆောင်ရွက်ပေးပါက ဒေသစီးပွားတိုးတက်ရေးကို အကူအညီ ပေးနိုင်မှာ ဖြစ်တယ်လို့လည်း နိုင်ငံတော် ဘတ်ဂျက်အများဆုံးယူထားတဲ့ စစ်ကောင်စီတပ်ခေါင်းဆောင်က မိန့်ခွန်းထဲ ထည့်ပြောထားပါတယ်။

 

စစ်တပ်က ထွက်ရှိတဲ့ အသား၊ ငါး၊ ဥနဲ့ ဟင်းသီးဟင်းရွက်များအား ဒေသခံပြည်သူတွေကို ရောင်းချပေးနိုင်မယ်ဆိုပါက စီးပွားရေး တိုးတက်မှာဖြစ်သလို၊ တပ်မိသားစုကို သက်သာချောင်ချိရေး ဖြစ်စေမယ်လို့ သူ့လူတွေကို ညွှန်ကြားပြန်ပါတယ်။

 

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မည်သူတစ်ဦးတစ်ယောက်မျှ တိုက်တွန်းချက်မပါဝင်ဘဲ မိမိသဘောဆန္ဒအလျောက် ဝင်ရောက်လာကြသူတွေဖြစ်တယ်လို့လည်း နိုင်ငံတဝန်း အဓမ္မဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းနေတဲ့ အာဏာသိမ်းခေါင်းဆောင်က ဆိုပါတယ်။

 

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ တစ်ဦးချင်းစီ အရည်အချင်းရှိရမှာဖြစ်ပြီး၊ တွေ့ကြုံနေရတဲ့ အခက်အခဲတွေကို “တောင်ကြီးဖဝါးအောက်” ဆိုတဲ့ စိတ်ဓာတ် မွေးမြူပြီး ကျော်လွှားကြဖို့ စစ်ခေါင်းဆောင်က ပြောဆိုခဲ့ပြီး၊ ကျိုင်းတုံမြို့ရှိ နယ်မြေခံ တပ်မတော် ဆေးရုံတွင် တက်ရောက် ဆေးကုသမှု ခံယူလျက်ရှိကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – pro-SAC