လက်ရှိနိုင်ငံအနှံ့ တိုက်ပွဲတွေဟာ အာဏာသိမ်းလို့ ဖြစ်ပေါ်လာတာ မဟုတ်ဘဲ NLD အစိုးရလက်ထက်က အစပျိုးခဲ့တာဖြစ်တယ်လို့ မြန်မာ့အလင်းသတင်းစာရဲ့ အယ်ဒီတာ့အာဘော်ကဆို

Author CJ Platform
Categories
Published on Mar 24, 2025

လက်ရှိနိုင်ငံအနှံ့ တိုက်ပွဲတွေဟာ စစ်ကောင်စီ အာဏာသိမ်းတာကြောင့် မဟုတ်ဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဦးဆောင်တဲ့ အစိုးရလက်ထက်က အစပျိုးခဲ့တာဖြစ်ပြီး စစ်တပ်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့တာလို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိရေး သတင်းစာဖြစ်တဲ့ မြန်မာ့အလင်းသတင်းစာရဲ့ မတ်လ ၂၄ရက်နေ့ အယ်ဒီတာ့အာဘော်မှာ ရေးသားထားပါတယ်။

 

အကြမ်းဖက်မှုတွေ လုပ်ဆောင်နေတဲ့ မြန်မာစစ်တပ်ဟာ လွတ်လပ်ရေးကြိုးပမ်းမှုက​နေ ပေါက်ဖွားလာတဲ့ တပ်မတော်ဖြစ်ပြီး နိုင်ငံလွတ်လပ်ရေးရပြီးတဲ့ နောက်မှလည်း သမိုင်းပေး တာဝန်အရ မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းနဲ့ အတူ ယှဉ်တွဲပါဝင်နေခဲ့တယ်လို့ မြန်မာ့အလင်းသတင်းစာ အယ်ဒီတာ့အာဘော်က ဆိုပါတယ်။

 

“လက်ရှိမိမိတို့နိုင်ငံတွင် ဖြစ်ပေါ်နေသည့် အခြေအနေများသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် တပ်မတော်က နိုင်ငံ့တာဝန်အရပ်ရပ်ကို ဝင်ရောက်ထိန်းသိမ်း ခဲ့ရခြင်းကြောင့် ပေါ်ပေါက်လာရခြင်းဖြစ်သည်ဟု မဆိုနိုင်ဘဲ NLD ပါတီဦးဆောင်သည့် အစိုးရလက်ထက်ကပင် အစပျိုးမှုများစွာ ပြုလုပ်ခဲ့ခြင်းမှ စတင်ခဲ့ခြင်းပင်ဖြစ်သည်”လို့ အယ်ဒီတာ့အာဘော်အဖြစ် မြန်မာ့အလင်း သတင်းစာက ရေးသားထားပါတယ်။

 

လက်ရှိ နိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာလည်း တော်လှန်ရေးအင်အားစုတွေက အကြမ်းဖက်လုပ်ဆောင်နေတာဖြစ်တယ်လို့ သူတို့က စွပ်စွဲထားပါတယ်။

 

“အယ်ဒီတာ့အာဘော်ဆိုတာ သတင်းဌာန သတင်းစာ တစ်ခုရဲ့ အသက်ပဲ ငါတို့ သတင်းဌာနရဲ့ မူဝါဒက ဘာဖြစ်တယ် ဘာကို လက်ကိုင်သုံးစွဲတယ်ဆိုတာကို ချပြကြတာ၊ မြန်မာ့အလင်းတို့ ကြေးမုံတို့ကို ဝေဖန်ထောက်ပြဖို့ဆိုတဲ့ အကြောင်းက မရှိတော့ပါဘူး၊ သူတို့က စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာပဲလေ၊ သတင်းစာဆရာအမည်ခံထားတဲ့ အဲဒီသတင်းစာတွေက အယ်ဒီတာရဲ့ သမိုင်းပါပဲ ရှက်သင့်ပါတယ်”လို့ ဝါရင့် သတင်းစာဆရာတစ်ဦးက မြန်မာ့အလင်းသတင်းစာရဲ့ အယ်ဒီတာ့အာဘော်ကို ထောက်ပြပါတယ်။