NLD အမည်နဲ့ နိုင်ငံရေးပါတီ မရှိတော့ဘူးလို့ ကြံ့ဖွံ့ပါတီဥက္ကဌ ဦးခင်ရီပြော

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD အမည်နဲ့ နိုင်ငံရေးပါတီ မရှိတော့ဘူးလို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးခင်ရီက ပေါ်ပြူလာသတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အသစ်က ၂၀၂၃ခုနှစ်အတွင်းမှာ နိုင်ငံရေးပါတီတွေကို မှတ်ပုံတင်ဖို့ ခေါ်ယူတဲ့အချိန်မှာ NLD ပါတီအနေနဲ့ မှတ်ပုံတင်ခဲ့ခြင်း မရှိတာကြောင့် NLD ဟာ နိုင်ငံရေးပါတီအနေနဲ့ မရှိတော့ဘူးလို့ ဦးခင်ရီက ဆိုပါတယ်။
“ခုနခင်များပြောတဲ့ NLD ပါတီအပါအဝင် ပါတီ ၄၀ ပါတီကိုတော့ အဓိကမပြောတော့ပါဘူးနော် အဲ ၄၀ က မှတ်ပုံမတင်လိုက်ဘူး။ ရက်၆၀ ပြည့်တဲ့အခါကျတော့ ယူအီးစီက အမိန့်ကြော်ငြာစာထုတ်ပြီးတော့ ဒီပါတီများသည် သတ်မှတ်ကာလအတွင်း မှတ်ပုံမတင်သည့်အတွက်ကြောင့် အလိုအလျောက်ပျက်ပြယ်သည်လို့ ပြောလိုက်တဲ့အတွက်ကြောင့် NLD နာမည်နဲ့ နိုင်ငံရေးပါတီတော့ မရှိတော့ဘူး”လို့ ဦးခင်ရီက ပြောပါတယ်။
NLD ပါတီအနေနဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ မဖြစ်နို်တော့ဘဲ ပါတီဝင်တွေအနေနဲ့တော့ ဝင်ရောက် ယှဉ်ပြိုင်မှုတွေ ရှိလာနိုင်တယ်လို့ ဦးခင်ရီက ပြောပါတယ်။
ဒါ့အပြင် ကြံ့ဖွံ့ပါတီအနေနဲ့ စစ်ကောင်စီက ဒီကနေ့ ရွေးကောက်ပွဲလုပ်ပါက ဒီကနေ့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ ပြင်ဆင်ထားပြီး တစ်နိုင်ငံမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ – ကြံ့ဖွံ့ပါတီ