Non CDM တွေ ကိုယ့်စရိတ်ကိုယ်စားပြီး ရွှေစက်တော်ဘုရားပွဲကို မဖြစ်မနေသွားရမယ်

Author CJ Platform
Categories
Published on Mar 24, 2025

ဧရာဝတီအတွင်းက Non CDM ဆရာမ၊ဆရာတွေအားလုံး မင်းဘူးမြို့ ရွှေစက်တော်ဘုရားပွဲကို ကိုယ့်စရိတ် ကိုယ်စားပြီး မဖြစ်မနေသွားရောက်ဖို့ စစ်ကောင်စီ လက်အောက်ခံ မြို့နယ်ပညာရေးမှူးတွေက ဖိအားပေးနေတယ်လို့ CJ Platform က စုံစမ်းသိရှိရပါတယ်။

 

မကွေးတိုင်း၊ မင်းဘူးမြို့မှာ ကျင်းပတဲ့ မန်းရွှေစက်တော် ဘုရားပွဲကို ဖေဖေါ်ဝါရီ ၂ရက်နေ့ကနေ ဧပြီ ၁၇ရက်နေ့အထိ ရက်ပေါင်း ၇၅ရက်တာ ကျင်းပပြုလုပ်မှာပါ။

စစ်ကောင်စီရဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေ ပြီးဆုံးတဲ့ အထိ ရွှေစက်တော် ဘုရားပွဲဟာ စည်းကားမှု မရှိတာကြောင့် ကျောင်းဆရာမ၊ဆရာတွေကို ရွှေစက်တော်ဘုရားပွဲ စေလွှတ်နေတာပဲ ဖြစ်ပါတယ်။

 

“တစ်မြို့နယ်ကို ၅၀နှုန်းနဲ့ ကားတွေ စီစဉ်ပေးရမယ်ပေါ့၊ ကိုယ့်စရိတ် ကိုယ်စားရမယ် မြို့အလိုက် မဖြစ်မနေ အလှည့်ကျသွားရမယ်လို့ ပြောနေကြတယ်၊ သွားတဲ့အခါ အရပ်သားအယောင်ဆောင်ပြီး သွားရမယ်လို့ပါ ပြောနေတယ်၊ Non တွေမှန်းသိရင် လမ်းမှာ တလရအဖွဲ့တွေက ဖမ်းမှာစိုးလို့”လို့ ပုသိမ်မြို့က ပညာရေးအသိုင်းဝန်းနဲ့ နီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

ဧရာဝတီတိုင်း ပုသိမ်ခရိုင် ငပုတောမြို့နယ်မှာ ကျင်းပခဲ့တဲ့ မော်တင်စွန်းဘုရားပွဲကိုလည်း စည်ကားစေရေးအတွက် မြို့နယ်အလိုက် Non CDM ဝန်ထမ်း ၂၅၀ဦးကို အလှည့်ကျ စေလွှတ်မှုတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

 

“အခုက ကျောင်းတွေပိတ်သွားပြီဆိုတော့ ပညာရေးဘက်ကို လှည့်သွားတာပေါ့”လို့ အဆိုပါ အမျိုးသမီးက ပြောပါတယ်။

 

ရွှေစက်တော် ဘုရားပွဲမှာ ပွဲကျင်းပရေး ကော်မတီက ဆိုင်ခန်းနဲ့ တည်ခိုးခန်းပေါင်း ၁၅၀၀ ခန့်ကို တည်ဆောက်သွားမယ်လို့ ကြေညာထားပေမဲ့ ခရီးသွားဝင်ရောက်မှု နည်းပါးမှုကြောင့် စျေးဆိုင်ခန်းပေါင်း ၃၅၀ကျော်နဲ့ တည်းခိုဆောင် ၃၅၀ကျော်ကိုသာ တည်ဆောက်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

ဘုရားပွဲကို ခရီးသွားတွေ ပိုမိုလာရောက်ရေးအတွက် မန်းချောင်းအပန်းဖြေဆင်စခန်းက ဆင်တွေကိုပါ ငှါးရမ်းစီးနင်းခွင့်ပေးထားပေမဲ့ ဒီကနေ့ အချိန်ထိ ခရီးသွားဝင်ရောက်မှုက နည်းပါးနေခဲ့ပါတယ်။

 

ဓာတ်ပုံ – ဇင်ယော်တည်းခိုဆောင် Facebook