ထိုင်းကနေ မြန်မာလုပ်သားတွေကို စစ်ကောင်စီဆီ ပြန်ပို့နေတာတွေ ရပ်တန့်ပေးဖို့ CRPH က ထိုင်းအောက်လွှတ်တော်မှာ ဆွေးနွေး

တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ဖမ်းဆီးပြီး စစ်ကောင်စီထံကို ပြန်ပို့ဆောင် နေတဲ့အပေါ် ရပ်တန့်ပေးဖို့ကို ထိုင်းနိုင်ငံ အောက်လွှတ်တော်မှာ မတ်လ ၂၂ရက်နဲ့ ၂၃ ရက်က ကျင်းပဆွေးနွေးခဲ့တဲ့ ထိုင်းနယ်စပ်တစ်လျှောက် လုံခြုံရေးမြှင့်တင်ခြင်းနဲ့ ငြိမ်းချမ်းရေးတည်ဆောက်ခြင်း အခန်းကဏ္ဍ ဆွေးနွေးပွဲမှာ မြန်မာလွှတ်တော်ကိုယ်စားလှယ်များအဖြစ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကတက်ရောက်ခဲ့ပြီး တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
နှစ်ရက်တာကျင်းပခဲ့တဲ့ ဒီအစည်းအဝေးကို ထိုင်းနိုင်ငံအောက်လွှတ်တော်ရဲ့ အမျိုးသားလုံခြုံရေး၊ နယ်စပ်ရေးရာ၊ အမျိုးသားရေးဆိုင်ရာ မဟာဗျူဟာနဲ့ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အမြဲတမ်းကော်မတီ နဲ့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (APHR) တို့က ကြီးမှူးကျင်းပခဲ့တာဖြစ်ပြီး CRPH အတွင်းရေးမှူး ဦးထွန်းမြင့်၊ အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးဥက္ကာမင်းနဲ့ နိုင်ငံတကာဆက်ဆံရေးကော်မတီဝင် ဦးအာကာမျိုးထက်တို့ တက်ရောက်တောင်းဆို ခဲ့တာပဲဖြစ်ပါတယ်။
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေ အလုပ်လုပ်ခွင့်အတွက် ပြန်လည်သက်တမ်းတိုးရာမှာ စစ်ကောင်စီကို အခွန်မပေးဆောင်ရရေးနဲ့ ထိုင်းအစိုးရက တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာပြည်သူ တွေကို စစ်ကောင်စီ တပ်ထံ ပြန်လည်ပို့ဆောင်နေတာဟာ လူ့အခွင့်အရေးကိုသာမက အသက်အန္တရာယ်ကိုပါ စိုးရိမ်ရတဲ့အတွက် ချက်ချင်းရပ်တန့်ပေးနိုင်ဖို့၊ မဖြစ်မနေပြန်ပို့ရန် လိုအပ်ပါက NUG၊ CRPH နဲ့ တိုင်းရင်သားအဖွဲ့အစည်းတွေဆီကိုသာ လွှဲပြောင်းပေးခြင်းဖြင့် မြန်မာပြည်သူတွေရဲ့ အသက်အန္တရာယ် ထိခိုက်မှုကနေ ကာကွယ်ပေးဖို့ တောင်းဆိုလိုက်တာပါ။
ဒါ့အပြင် နှစ်ရက်တာဆွေးနွေးပွဲအတွင်း မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေ၊ ရွှေ့ပြောင်းနေထိုင်သူများ အရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းများကိစ္စ၊ ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် လုံခြုံရေးကိစ္စရပ်များ၊ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအပေါ် သဘောထားအမြင်တွေကို အဓိက ဆွေးနွေးဖလှယ်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒီဆွေးနွေးပွဲကို မြန်မာနိုင်ငံက တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ အာဆီယံနိုင်ငံတွေက လွှတ်တော်ကိုယ်စားလှယ်တွေ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာ့အရေးကို အစဉ်တစိုက် အားပေးကူညီနေတဲ့ ထိုင်းနိုင်ငံက လွှတ်တော်အမတ်တွေနဲ့ သီးခြားစီတွေ့ဆုံခဲ့ပြီး မြန်မာ့အရေးအခြေအနေများနဲ့ နှစ်ဖက်ပူးပေါင်းဆောင်ရွက်သွားနိုင်မယ့်ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – CRPH